မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့လူနာ ၂၈ ယောက် ထပ်မံစစ်ဆေးတွေ့ရှိရပြီး စုစုပေါင်း ၃၄၈ ယောက်ထိ ရှိလာပြီဖြစ်ပါတယ်။
ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိလာပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေရဲ့ ဓာတ်ခွဲ နမူနာတွေထဲက သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၄၆ ခုကို စစ်ဆေးခဲ့ရာမှ ဓာတ်ခွဲနမူနာ ၂၈ ခုမှာ အိုမီခရွန်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားခဲ့တာပါ။
အဲဒီနောက် ဇန်နဝါရီ ၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံသား ၁၁ ယောက်နဲ့ နိုင်ငံခြားသား ၁ ယောက်၊ စုစုပေါင်း ၁၂ ယောက်၊ ဇန်နဝါရီ ၁၁ ရက်မှာ အိန္ဒိယနိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်ငံသား ၃ ယောက်၊ ဇန်နဝါရီ ၁၂ ရက်မှာ အိန္ဒိယပြန်လာတဲ့ မြန်မာနိုင်ငံသား ၂ ယောက်၊ ဇန်နဝါရီ ၁၃ ရက်မှာ မြန်မာနိုင်ငံသားအယောက် ၄၀ အပါအဝင် လူပေါင်း ၄၂ ယောက်၊ ဇန်နဝါရီ ၁၄ ရက်မှာ မြန်မာကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၃ ယောက်၊ ဇန်နဝါရီ ၁၅ ရက်မှာ နိုင်ငံခြားသား ၃ ယောက်နဲ့ မြန်မာနိုင်ငံသား ၇ ယောက် စုစုပေါင်း ၁၀ ယောက်၊ ဇန်နဝါရီ ၁၇ ရက်မှာ မြန်မာနိုင်ငံသား ၃၆ ယောက်နဲ့ နိုင်ငံခြားသား ၆ ယောက် စုစုပေါင်း ၄၂ ယောက်၊ ဇန်နဝါရီ ၂၀ ရက်မှာ မြန်မာနိုင်ငံသား ၂၈ ယောက်၊ ဇန်နဝါရီ ၂၄ ရက်မှာ မြန်မာနိုင်ငံသား ၃၆ ယောက်နဲ့ နိုင်ငံခြားသား ၁ ယောက်၊ စုစုပေါင်း ၃၇ ယောက်၊ ဇန်နဝါရီ ၂၇ ရက်မှာ မြန်မာနိုင်ငံသား ၂၈ ယောက်၊ ဇန်နဝါရီ ၂၈ ရက်မှာ မြန်မာနိုင်ငံသား ၇၂ ယောက်၊ ဇန်နဝါရီ ၃၁ ရက်မှာလည်း မြန်မာနိုင်ငံသား ၂၃ ယောက်နဲ့ နိုင်ငံခြားသား ၄ ယောက်၊ စုစုပေါင်း ၂၇ ယောက်တို့မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိကြောင်း ထုတ်ပြန် ထားပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂ ရက်မှာလည်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ထဲက စက်ရုံလုပ်ငန်းတခုမှ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁၀ ယောက်မှာ အိုမီခရွန်ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါ တယ်။
အိုမီခရွန်ဟာ ကိုဗစ်ဖြစ်ဖူးသူတွေမှာ ပြန်ဖြစ်နိုင်ခြေများပြီး အရင်မျိုးစိတ်တွေထက်ပိုပြီး ကူးစက်မြန်စေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောထားပြီး ကာကွယ်ဆေးထိုးနှံ ပြီးသူတွေမှာလည်း ပြန်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ဗီဇပြောင်းမျိုးကွဲကိုဗစ်ပိုး အိုမီခရွန်ဟာ လက်ရှိနိုင်ငံ ၁၄၀ ကျော် မှာ ကူးစက်ပျံ့နှံ့နေပြီး အဲဒီမျိုးကွဲကြောင့် သေဆုံးသူရာနဲ့ချီ ရှိနေပြီဖြစ်ပါတယ်။