စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ်က ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေထိုင်စားသောက်ရေးအပါအဝင် အခြားသောအခက်အခဲများပါရှိနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၃၁ ရက် နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေက ကျေးရွာပေါင်း ၄ ရွာက နေအိမ်စုစုပေါင်း ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားကြတာပါ။
ပြည်သူတွေဟာ နေအိမ်တွေနဲ့ စပါးကျီတွေပါ မီးလောင်ပျက်စီးသွားတာကြောင့် နေထိုင်စားသောက်ရေးတွေအပြင် လူ့အသုံးအဆောင်ပစ္စည်းတွေပါ အခက်အခဲဖြစ်နေကြောင်း၊ ဆောင်းရာသီ အအေးဒဏ်ကိုလည်း ခံစားနေကြရပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ပါဝင်တာကြောင့် အကူအညီတေါ အရေးပေါ် လိုအပ်နေတာလို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ဗိုလ်သံလုံးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ မီးရှို့သွားပြီးနောက် မီးကြွင်းမီးကျန်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်မီးငြိမ်းသတ်ခဲ့ကြစဥ်မှာလည်း စိတ်မကောင်းဖြစ်ခဲ့ရပြီး မျက်ရည်များပါကျခဲ့ရသည်အထိ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
မီးဘေးသင့်ပြည်သူတဦးက “ကျနော်တို့ပြည်သူတွေအနေနဲ့ အနှစ်နှစ်အလလ စုဆောင်းပြီးမှ တည်ဆောက်ခဲ့ရတဲ့ အဆောက်အဦလေးတွေကို ဒီလိုကြီး ရက်ရက်စက်စက် မီးရှို့သွားကြတော့ ဝမ်းနည်းပက်လက်ဖြစ်ရပေါ့။ အဝတ်အထည်ကလည်း စစ်ဘေးရှောင်စဥ်ကပါလာတဲ့ ၃ စုံလောက်ပဲ ယူလာနိုင်ခဲ့တာ။ အခုချိန်က တောင်သူ သိမ်းတဲ့အချိန်လည်းဖြစ်နေတာဆိုတော့ ကျနော့်အိမ်မှာဆိုရင် ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲတွေ၊ လယ်ယာသုံးစက်တွေပါ မီးထဲပါသွားတာဆိုတော့ နောက်ထပ်ပြန်လည်ထူထောင်ဖို့ဆိုတာကလည်း တော်တော်လေး ခက်ခဲဦးမှာ” လို့ ပြောပါတယ်။
အခုလို အပြစ်မဲ့ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ ပစ္စည်းများကို ရက်ရက်စက်စက် မီးရှို့ဖျက်ဆီးသွားတဲ့ စစ်အာဏာရှင်တစ်စုကို အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသက်ကိုရင်းပြီး ကတိသစ္စာ ထပ်လောင်းပြုကြောင်း ဗိုလ်သံလုံးက ပြောပါတယ်။
မင်းကင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးသွားတဲ့ ကျေးရွာတွေကတော့ ဘင်ကျေးရွာ၊ တဲတန်းကျေးရွာ၊ အုန္နဲဘုတ်ကျေးရွာ နဲ့ အနောက်တောကျေးရွာ တို့ဖြစ်တယ်လို့ သိရပါတယ်။