ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကောင်စီတပ်သားတွေက CDM မပါဝင်ထားတဲ့ ကျောင်းအုပ်ဆရာမကြီးတယောက်ကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အမက (ခြောက်ပင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းကို အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ နေအိမ်မှာ အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“CDM မပါထားဘူး အဲ့ဆရာမကြီးက၊ ဘာလို့ဖမ်းတာလဲတော့ မသိဘူး။ ခုထိလည်းပြန်မလွှတ်ပေးသေးဘူး၊ အင်အားအများကြီး လာဖမ်းသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
တစ်နေ့တည်းမှာပဲ ကျိုက်လတ်မြို့နယ် ကမ်းနားလမ်းက အသက် ၁၇ နှစ်အရွယ် မောင်သားသား(ခ) ဖိုးသားကိုလည်း စစ်ကောင်စီတပ်သားတွေက ဖုန်းထဲမှာ စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ မတရားဖမ်းဆီးတာတွေပြုလုပ်နေတဲ့ ကျိုက်လတ်မြို့နယ်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေက စစ်တပ်သတင်းပေးတဦးကို ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။