ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရက္ခိုင့်တပ်တော် (အေအေ) စစ်သင်တန်းတက်ဖို့သွားစဉ် ဖမ်းဆီးခံရတဲ့ ရခိုင်လူငယ် ၃၁ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမယ့် ဒေသခံ ကားသမား ၄ ဦးအား ဒီနေ့အထိ ဆက်လက် ဖမ်းဆီးထားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်း ရန်အောင်ပြင်ကျေးရွာက ဖမ်းဆီးခံကားသမားတဦးရဲ့ ဖခင် ဦးဘညွန့်က "ဒီနေ့အထိမလွတ်သေးဘူး။ ကျနော်တို့ သွားတွေ့ကြတယ်။ လူတွေကိုတော့ မြင်ရပြတယ်။ စကားပြောခွင့်မပေးဘူး။ ကားသမားတွေဆိုတာ ကားငှားလာ ရင် အငှားလိုက်ရမှာ ပဲလေ၊ ဘာအပြစ်ရှိလို့ အခုလိုမလွှတ်တာလဲဆိုတာ မေးခွန်းထုတ်ချင်တယ်" လို့ ပြောဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကားသမား ၄ ဦးကတော့ မောင်တောမြို့နယ်မြောက်ပိုင်း မင်္ဂလာညွန့်ကျေးရွာက ကိုစိုးဝင်းနိုင်၊ ကိုကျော်နိုင်ဝင်း၊ ကိုစိုမင်းနိုင်နဲ့ ရန်အောင်ပြင်ကျေးရွာက ကိုသန်းဇော် ၂၂ နှစ်တို့ ဖြစ်ကြပါတယ်။
ဖမ်းဆီးခံရထားရတဲ့ ကားဒရိုင်ဘာ ကိုစိုးဝင်းနိုင်ရဲ့ ဇနီးဖြစ်သူ မစပယ်က “ကြိမ်ချောင်းရဲစခန်းက ကားလိုင်စင်တောင်းလို့ ဒီနေ့ကားလိုင်စင်ကို သွားပေးပါတယ်။ ပထမ မိတ္တူပေးတယ်။ မိတ္တူနဲ့ မရဘူးဆိုလို့ မူရင်းကိုပေးထားခဲ့တယ်။ ဘာမှတော့မပြောဘူး။ လူတွေကိုတော့ မြင်ခဲ့ရပါတယ်။ စကားပြောခွင့်မရခဲ့ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါကားသမား ၄ ဦးအား ကြိမ်ချောင်းကျေးရွာ ရဲစခန်းမှာ ထိန်းသိမ်းထားတာလို့ သိရပါတယ်။
အဆိုပါကားသမား ၄ ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က အေအေနယ်မြေမှာ စစ်သင်တန်းတက်ရောက်ဖို့ သွားရောက်တဲ့ ရခိုင်လူငယ် ၃၁ ဦးနဲ့အတူ မောင်တောမြို့နယ်ကြိမ်ချောင်း (၂၄) စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ကြရတာပါ။
ဖမ်းဆီးခံလူငယ် ၃၁ ဦးကို ဇန်နဝါရီ ၃၁ ရက်နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွေမှာ စစ်ကောင်စီက မိဘအုပ်ထိန်းသူတွေဆီ ဆက်သွယ်အပ်နှံခဲ့ကြပေမယ့် ကားသမား ၄ ဦးနဲ့ ကား ၂ စီးကိုတော့ ဒီနေ့အထိ ပြန်မလွှတ်သေးတာပါ။