မြန်မာစကားမှာ ငြိမ်းမယ့်မီးတောက် ဟုတ်ခနဲ တောက်တတ်ပါသတဲ့။ ဖယောင်းတိုင်မီးများ ငြိမ်းခါနီး လက်ကျန်ဆီလေးနဲ့ တဝင်းဝင်းတောက်ပြီး မီးစာလည်းကုန် ဆီလည်းခန်းတာနဲ့ ခဏနေ ဟုတ်ခနဲ ငြိမ်းသေသွားတတ်တာ စာဖတ်သူတွေတွေ့ဖူးကြမှာပါ။
ကမ္ဘာပေါ်ရှိရှိသမျှ အာဏာရှင်တိုင်းဟာ သူတို့အာဏာ ထာဝစဉ်တည်မြဲနေလိမ့်မယ်လို့ အမြဲထင်မှတ်လေ့ ရှိကြပါတယ်။ ရိုမေးနီးယားနိုင်ငံသမ္မတ အာဏာရှင် နီကိုလိုင်ချောင်စက်စကူးရဲ့ နောက်ဆုံးရက်နေ့တွေမှာ အီရန်နိုင်ငံကို နိုင်ငံခြားအစိုးရဧည့်သည်တော်အနေနဲ့ တပျော်တပါး ခရီးထွက်နေရာက ပြန်လာပြီး မကြာခင် ကြမ္မာဆိုးဝင်ခဲ့တာဖြစ်ပါတယ်။
ရိုမေနီယားတော်လှန်ရေးကြီးဟာ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလထဲမှာ ဟန်ဂေရီလူနည်းစု နေထိုင်ရာ တီမီဆွာရာမြို့ငယ်ကလေးက ဟန်ဂေရီ သင်းအုပ်ဆရာတဦးကို နှင်ထုတ်ဖို့ ကြိုးပမ်းခဲ့ရာက လူထု အုံကြွမှုကြီး စတင်လာခဲ့ပြီး တနိုင်ငံလုံးကို လျင်မြန်စွာ ပျံ့နှံလာခဲ့တာ ဖြစ်ပါတယ်။
သီတင်းတပတ်လောက်ကြာအောင် အမြာက်၊ စက်သေနတ်တွေ၊ တင့်ကား၊ လက်ဖြောင့်တပ်သားတွေ၊ နံပါတ်တုတ်ကိုင် စစ်ပုလိပ်တွေနဲ့ အပြင်းအထန် နှိမ်နှင်းရခဲ့ရာက စုစုပေါင်း လူ ၆၀၀ လောက်သေဆုံးပြီးတဲ့နောက် အောင်မြင်မှု မရရှိခဲ့တော့ဘဲ စစ်တပ်ရဲ့ သေနတ်ပြောင်းဝက အာဏာရှင်ဘက်ကို ပြန်လှည့်လာတာမို့ ချောင်စက်စကူးနဲ့ ဇနီးဖြစ်သူ အယ်လီနာတို့ ရဟတ်ယာဉ်နဲ့ မြို့ဝောာ်ဘူခါရက်စ်ကနေ ထွက်ပြေးခဲ့ကြရပါတယ်။
ဒါပေမဲ့လည်း မီးစာကုန် ဆီခန်းသွားတဲ့ အာဏာရှင်ဟာ လွတ်အောင်မပြေးနိုင်တော့ဘဲ သူ့ရဟတ်ယာဉ် ဆင်းသက်ခဲ့တဲ့ တာဂိုဗစ်စတီးမြို့မှာဘဲ ဖမ်းဆီးခံရပြီး စစ်ခုံရုံးနဲ့ နှစ်နာရီခန့် စစ်ဆေးအပြီး ပြည်သူလူထုအပေါ် စစ်ရေးအရ တိုက်ခိုက်သတ်ဖြတ်နှိမ်နင်းဖို့ အမိန့်ပေးမှုနဲ့ သေဒဏ်ချမှတ်လို့ ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ်စမတ်နေ့မှာပဲ ချောင်စက်စကူးနဲ့ ဇနီးဖြစ်သူကို လက်ကို နောက်ပြန်ကြိုးတုပ်လို့ လေထီးတပ်သား ၃ ဦးမှ သေနတ်နဲ့ ပစ်သတ် ကွပ်မျက်တာ ခံခဲ့ရပါတယ်။ အဖြစ်အပျက်အားလုံးဟာ အလွန်မြန်ဆန်စွာနဲ့ အာဏာရှင်ကို မလှပစွာ နိဂုံးသတ်စေခဲ့ပါတယ်။
အခုလည်း မြန်မာပြည်က အကြမ်းဖက်ပြည်သူသတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လာမယ့် ဖေဖေါ်ဝါရီ ၁၂ ရက် ကျရောက်မဲ့ ၇၅ နှစ်မြောက် စိန်ရတုနှစ်ပတ်လည် ပြည်ထောင်စုနေ့ အခမ်းအနားမှာ မြောက်ကိုရီးယားပုံစံ အလေးပြုခံမှာဖြစ်ကြောင်း နေပြည်တော် စစ်တပ်အသိုင်းအဝိုင်းနဲ့ဝန်ထမ်းအသိုင်းအဝိုင်းက အတည်ပြုခဲ့တဲ့သတင်းကို ဇန်နဝါရီ ၂၂ ရက်နေ့ သတင်းမှာ ဖတ်ရှုခဲ့ရပါတယ်။
"မအလကို အလေးပြုဖို့ ဝန်ကြီးဌာန တစ်ခုကို ဝန်ထမ်းတစ်ရာကျော် လူအင်အားတောင်းပါတယ်။ ပြည်ထောင်စုနေ့ ဗိုလ်ရှုခံ အခမ်းအနား လုပ်မယ်။ အဲဒီမှာ မင်းအောင်လှိုင်က သူ့ကို ဝန်ထမ်းတွေက အလေးပြုရမယ်။ ဝန်ကြီးဌာနတစ်ခုကို Non CDM ဝန်ထမ်း (မိန်းမ /ယောက်ကျား) ပေါင်း ၁၀၀ ကျော် တောင်းတယ်။ အလေးပြုရမယ့် ဝန်ထမ်းတွေကို စစ်တပ်က လာရောက် နည်းပြပေးနေတယ်။ အခု ဘယ် ညာ လျှောက် လေ့ကျင့်ပေးတယ်" ဟု နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။
သမ္မတရူးရူးနေတဲ့ မင်းအောင်လှိုင်ဟာ သူအာဏာလုခဲ့တဲ့ တနှစ်တာအတွင်း အပြစ်မဲ့ပြည်သူ ၁၅၀၀ ကျော်ကိုသတ်ဖြတ်ပြီးတဲ့နောက် အောင်ပွဲခံတဲ့သဘောနဲ့ သူကို မြောက်ကိုရီးယားပုံစံ သောင်းသောင်းဖျဖျ ကြိုဆိုအလေးပြုမှု ခံယူလိုကြောင်း၊ စိန်ရတုနှစ်ပတ်လည် ပြည်ထောင်စုနေ့ အခမ်းအနားဖြစ်လို့ ခမ်းခမ်းနားနားကျင်းပရန် အမိန့်ပေးညွှန်ကြားလိုက်ပုံရပါတယ်။
"သူ အာဏာရူး သွားပြီ။ သူက အကြွင်းမဲ့ အာဏာရှိတယ်ဆိုတာကို ပြချင်တာလို့ သုံးသပ်လို့ရတယ်။ တကယ့်ကို အာဏာရူးသွားပြီ" ဟု နေပြည်တော်စစ်တပ် အသိုင်းအဝိုင်းက ပြောတယ်။
နိုင်ငံနဲ့ပြည်သူကို ဆင်းရဲနုံခြာမွဲတေအောင်ပြုခဲ့ရုံနဲ့ အားမရသေးဘဲ မင်းအောင်လှိုင်ဟာ သူ့ကို မြောက်ကိုရီးယားပုံစံ ချီတက်အလေးပြုဖို့အတွက် ဘတ်ဂျက်ကို သိန်း ၉ သောင်းကျော် ဘတ်ဂျက်လျာထားပြီး ဒိထက် ပိုမိုပြီး သုံးစွဲလိုပါကလည်း ခွင့်ပြုထားကြောင်း သိရှိရတယ်။
ကားတွေအလှဆင်ဖို့ကျပ် သိန်း ၃ သောင်းကျော်၊ အလေးပြုခံ အဆောက်အအုံနဲ့ အခမ်းအနားအတွက် သိန်း ၆ သောင်းကျော် စုစုပေါင်း သိန်း ၉ သောင်းကျော် သုံးစွဲမှာဖြစ်ပြီး ဒီထက်လည်း ပိုပြီး သုံးစွဲခွင့်ပြုကြောင်း၊ အဆိုပါ ပြင်ဆင်မှုတွေအတွက် စစ်တပ်အင်ဂျင်နီယာတပ်ရင်းနဲ့ စစ်တပ်ကုမ္ပဏီတချို့ကို လုပ်ခွင့်ပြုလိုက်ကြောင်း သိရှိရပါတယ်။
ကမ္ဘာ့သမိုင်းမှာ အာဏာရှင်တွေဟာ အကျည်းတန်တဲ့သမိုင်းမော်ကွန်းဆိုးတင်ခံရရုံ သာမက ကြမ္မာဆိုးနဲ့ နိဂုံးသပ်ရတာများပါတယ်။ ဂျာမဏီအာဏာရှင်ဟစ်တလာ၊ အီတလီ အာဏာရှင်မွတ်ဆိုလိုနီ၊ ရိုမေးနီးယားအာဏာရှင် ချောင်ဆက်စကူး၊ ယူဂန္ဓာအာဏာရှင်အာမင်၊ အီရတ်အာဏာရှင်ဆဒမ်ဟူစိန်၊ လစ်ဗျားအာဏာရှင်ကဒါဖီ၊ မြန်မာအာဏာရှင်နေဝင်း၊ အင်ဒိုနီးရှားအာဏာရှင်ဆူဟာတို၊ ဖိလိပိုင်အာဏာရှင်မာကို့စ်တို့ရဲ့ ဘဝနိဂုံးတွေဟာ သံဝေဂရစရာကောင်းအောင် ရုပ်ပျက်ဆင်းပျက် အဆုံးသပ်ကြရပါတယ်။
အချိန်နဲ့အမျှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ပိုလို့ စနစ်ကျချိတ်ဆက်မိလို့ အားကောင်းလာနေတဲ့ ပြည်သူလူထုရဲ့ခုခံတော်လှန်စစ်အောက်မှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်ပြည်သူ လူသတ်အာဏာလုခေါင်းဆောင် မင်းအောင်ရဲ့နိဂုံးကလည်း ရိုမေးနီးယားအာဏာရှင် နီကိုလိုင်ချောင်စက်စကူးလိုပဲ သူအလေးပြုခံချင်တဲ့ဗိုလ်ရူခံပွဲအပြီး အလွန်မြန်ဆန်စွာ အဆုံးမသတ်ဖူးလို့ ဘယ်သူမှ ကျိန်းသေမပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူရဲ့ဘုံရန်သူဖြစ်ပြီး ရန်များလှတဲ့မအလဟာ သူ့တပ်ထဲမှာကိုယ် သူကိုယ်လက်မခံလိုဘဲ ဖယ်ရှားလိုတဲ့ အရိပ်လက္ခဏာတွေ၊ မကျေနပ်မှု၊ ဘဝမလုံခြုံမှု၊ လိပ်ပြာမသန့်မှုတွေ ဖြစ်ပွားနေပါပြီ။
ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် လက်နက်အားကိုးပြီး အာဏာဓားပြတိုက်ခဲ့တာမို့ တနိုင်ငံလုံးက မိဘပြည်သူအများစုကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ပစ်ခတ်ခဲ့လို့ လူပေါင်း ၄ သိန်း အိုးပစ်အိမ်ပစ် အတိဒုက္ခရောက်နေချိန် ပြည်တွင်းစစ်မီးတောက်အောက်က သန်းချီတဲ့စစ်ပြေးဒုက္ခသည်တွေ၊ ကိုဗစ်ရောဂန္တရကပ်ဆိုက်ရောက်နေချိန် အခွင့်ကောင်းယူပြီး စစ်အခွင့်ထူးခံ ဗိုလ်ချုပ်တစ်စု ခိုးဆိုးလုယက်ထားတဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်ဖို့ နိုင်ငံ့အာဏာကို အဓမ္မရယူရုံသာမက စစ်ဓားပြတသိုက်က အောင်သေအောင်သားစားတဲ့ လင်းတတစ်သိုက်လို ဗိုလ်ရှုခံပွဲ ကျင်းပမယ်ဆိုတာ ငှက်ပျောပင် သားခိုင် ထွက်လာသလိုမျိုး သေပန်းပွင့်မယ့် သဘောပါပဲ။
မင်းကောင်းချစ်