ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ရွှေညောင်ပင်ကျေးရွာမှာ ဇန်နဝါရီ ၁ ရက် ည ၈ နာရီလောက်က စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွင်းက နေအိမ်တွေအပြင် ဥယျာဉ်ခြံတွေအထိ လိုက်လံပြီး ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းက ကေအန်ယူ တပ်မဟာ ၂ ထိန်းချုပ်နယ်မြေဖြစ်တဲ့ သံတောင် -သံတောင်ကြီးသွား ကားလမ်းမကြီးမှာ လမ်းလုံခြုံရေး ကင်းလှည့်ပြန်လာတဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် ၇ ဦးနဲ့ အမည်မသိလက်နက်ကိုင်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်သား ၁ ဦး သေပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် အခုလို စစ်ဆေးတာတွေ လုပ်ဆောင်လာတာလို့ ဆိုပါတယ်။
ရွှေညောင်ပင် ကျေးရွာသားတစ်ဦးက “မနေ့က သူတို့ဆီက လူတွေထိတော့ အခုလို အိမ်တွေထဲထိ ဝင်ပြီး ရှာဖွေတာ။ ပြီးရင်အိမ်ရှိတဲ့ လူတွေစစ်တယ်။ ဧည့်စာရင်းတွေ၊ အိမ်ထောင်စုစာရင်းတွေ၊ မှတ်ပုံတင်တွေ မေးပြီး နာမည်မှတ်သွားတယ်။ ဓာတ်ပုံတွေပါ ရိုက်သွားတယ်” လို့ ပြောပါတယ်။
ညနေ ၆ နာရီခွဲလောက်မှာ သံတောင်တပ်စခန်းက စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်ကား ၃ စီးနဲ့ ရွှေညောင်ပင်ကျေးရွာအထိ ရောက်ရှိလာပြီး တပ်ဖြန့်တာ၊ ကင်းလှည့်လည်တာ၊ ကင်းပုန်းချတာ စတဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာတဲ့အတွက် ဒေသခံတွေဟာ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အလားတူ ဥသျှစ်ကုန်းကျေးရွာဘက်မှာ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး အထိနာခဲ့တဲ့အတွက် ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အာဏာသိမ်း ၁ နှစ်ပြည့်နေ့ အသံတိတ်သပိတ်မှာ သံတောင်ကြီးမြို့ခံ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ခဲ့တဲ့အတွက် စစ်ကောင်စီရဲ့တပ်နဲ့ ရဲတွေက လမ်းဆုံလမ်းခွ၊ လူစည်းကားရာ နေရာတွေမှာ VPN သုံးစွဲခြင်း ရှိ၊ မရှိ ဖုန်းတွေကို တောင်းယူစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Photo-T O K news