ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဖေဖော်ဝါရီ ၂ ရက်က တပ်ထောက်ခံပွဲအတွက် လူစုလူဝေးချီတက်လာစဉ် လမ်းပေါ်မှာ ဗုံးပေါက်ကွဲပြီး လူ ၂ ယောက် သေဆုံးကာ ၅၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အခင်းဖြစ်ပြီးနောက် စစ်တပ်က သေနတ်တွေနဲ့ ရမ်းပစ်ခတ်သလို ညဘက်မှာလည်း သေနတ်သံအချက်ပေါင်းများစွာကြားရကြောင်းနဲ့ မသင်္ကာသူ လူ ၈ ဦး လောက်ကိုလည်း ဖမ်းသွားကြောင်း တာချီလိတ်မြို့ခံ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဗုံးပေါက်ပြီးတာနဲ့ စစ်တပ်က ပစ်တာလား၊ ရဲက ပစ်တာလားတော့ မသိဘူး။ သေနတ်သံ တွေဆူညံနေတာပဲ၊ မနေ့က ဒဏ်ရာရတဲ့ထဲမှာ ဗုံးစမှန်တဲ့လူတွေရော၊ သေနတ်မှန်သူတွေလည်း ပါတယ်၊ တချို့က ထောက်ခံပွဲနဲ့ဘာမှမဆိုင်ဘူး။ သူတို့ဘာသာသူတို့ လမ်းဘေးကဈေးဆိုင်မှာ အလုပ်လုပ်နေတာ၊ အချောင်အထိခံရတယ်။ ပြီးတော့ မကာဟိုခမ်းရပ်ထဲက အိမ်တွေ လိုက်စစ်တယ်၊ အရင်နွေဦးတော်လှန်ရေးဆန္ဒပြပွဲမှာပါဖူးခဲ့သူတွေ ခေါ်စစ်တယ်၊ မနေ့က အဖမ်းခံရတာ ၈ ယောက်လောက်ရှိတယ်။ ပြန်လွှတ်၊ မလွှတ်တော့ မသိရဘူး၊ ည ၈ နာရီခွဲကျော်လောက်မှာ ဆန်ဆိုင်းရပ်ကွက်ကနေပြီးတော့ သေနတ်ဖောက်သံ အချက် ၂၀ ကျော် ကြားတယ်။ ”
သေဆုံးသူ ၂ ယောက်ထဲမှာ အသက် ၃၀ ကျော် လားဟူတိုင်းရင်းသား ၁ ယောက် ၊ အသက် ၅၀ ကျော် ဗမာ တယောက်ပါပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ လောက်ထဲက ၄ ယောက် ဒဏ်ရာပြင်းထန်တဲ့အတွက် ကျိုင်းတုံစစ်ဆေးရုံကို ဆက်ပို့လိုက်တယ်လို့ တာချီလိတ်ဒေသခံက ပြောပါတယ်။
တပ်ထောက်ခံပွဲနဲ့လိုက်လာသူတွေထဲမှာ တပ်မိသားစုဝင်တွေ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်တွေ၊ လားဟူပြည်သူ့စစ်တွေအပြင် အခါ ၊ လားဟူ တောင်ပေါ်ကျေးရွာက တိုင်းရင်းသားတွေပါ ပါဝ င်ကြောင်း၊ သူတို့ကတော့ တအိမ်တယောက် မလိုက်မနေရ အမိန့်နဲ့ လိုက်လာရပြီး လာတဲ့သူတွေကို ထိုင်းဘတ်ငွေ ၁၀၀ စီပေးတယ်လို့ နောက်ထပ်ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့မှာတော့ တာချီလိတ်မြို့တွင်းအခြေအနေပုံမှန်ပြန်ဖြစ်နေပြီလို့ ဆိုပါတယ်။