ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖေဖော်ဝါရီ ၁ ရက် မွန်းတည့် ၁၂ နာရီလောက်က စစ်အာဏာသိမ်းတဲ့ ၁ နှစ်ပြည့် တပ်ထောက်ခံပွဲပြုလုပ်ပြီးချိန်မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဘုရင့်နောင်လမ်းမကြီးဘေးက မြို့နယ်လျှပ်စစ်ရုံးဝင်းအနီးမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး တပ်ထောက်ခံပွဲပြုလုပ်ပြီးချိန် မိနစ်အနည်းငယ်အကြာမှာ ပေါက်ကွဲခဲ့တာပါ။
မြဝတီမြို့ ဒေသခံတစ်ဦးက" ဗုံးပေါက်ချိန်နဲ့ အကြမ်းဖက်ထောက်ခံပွဲပြီးတဲ့အချိန်နဲ့ ကံကောင်းတာ။ နောက်မဟုတ် မသာကောက်ပွဲ ဖြစ်တော့မလို့။ မြဝတီမှာက နေ့စားသမားတွေများတယ်။ ငွေရရင် အကုန်လုပ်တယ်။ နိုင်ငံရေး ဘာမှနားလည်တာ မဟုတ်ဘူး။ ကျနော်တို့ မြို့ခံစစ်စစ်တွေ သိက္ခာကျတယ်"လို့ ပြောပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းနဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာကို စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ စစ်အာဏာသိမ်းတဲ့ ၁ နှစ်ပြည့် တပ်ထောက်ခံပွဲကို အမျိုးသားရေးအင်အားစုတွေနဲ့ တပ်မိသားစုတွေစုစုပေါင်း အင်အား ၄၀၀ နီးပါးနဲ့ မြစန္နီပန်းခြံစုရပ်ကနေ မြို့တွင်းသို့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
အလားတူ ဘားအံမြို့မှာလည်း စစ်မှုထမ်းဟောင်းအဖွဲ့က ဦးဆောင်ပြီး တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက် ၆ နာရီခွဲလောက်က ဘုရားသုံးဆူမြို့၊မြို့မဈေးအနီးမှာ မိုင်း ၁ လုံးပေါက်ကွဲခဲ့သလို ဈေးအနောက်ဘက်လမ်းကြား အမှိုက်ပုံအနီးမှာ နောက်ထပ်မိုင်း ၂ လုံးဆက်တိုက်ပေါက်ကွဲခဲ့ပေမဲ့ လူထိခိုက်မှုရှိဘဲ ကွမ်းယာဆိုင်တစ်ဆိုင် အနည်းငယ်ပျက်စီးခဲ့သလို လက်နက်ငယ် ပစ်ခတ်သံ၂ ချက် ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။