စစ်တပ်အာဏာသိမ်း တစ်နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ် ပြုလုပ်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ဗုံး ၈ လုံးထက်မနည်း ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
မြို့တွင်းမှာ အသံတိတ်သပိတ် ပြုလုပ်နေချိန် ဒီနေ့မနက်ပိုင်းကစတင်ကာ နာရီဝက်လောက်ခြား တကြိမ် ဆက်တိုက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“အသံတိတ်သပိတ် ပြုလုပ်နေတဲ့အတွက် မြို့တွင်းမှာလည်း လူသွားလူလာ မရှိသလောက်ပဲ။ မနက် မိုးလင်းကတည်းက နာရီဝက်ခြားတစ်ခါ တစ်နာရီခြားတစ်ခါ ပေါက်နေတာ။ ၈ ကြိမ် လောက်ရှိပြီ။ စစ်ကား ရဲကားတွေကတော့ ပတ်နေတာပဲ။ လူတွေလည်း အပြင်မထွက်တဲ့အတွက် ထိခိုက်တာရှိ၊ မရှိတော့ သေချာမသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့နယ် ဆိုင်းတောင်း ဆိပ်မူကျေးရွာမှာ ဒီနေ့ မနက်ပိုင်းက ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ကာ အမှတ် ၃ ရပ်ကွက် တံတားထိပ် မှော်ရှန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးနဲ့ မြို့နယ် EPC ရုံးအနီးမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပါဘူး။