Home
မြန်မာသတင်း
ဒီမိုကရေစီလမ်းကြောင်းဆီ အမြန်ပြန်သွားရန် မြန်မာစစ်အာဏာရှင်ကို တောင်းဆို
DVB
·
February 1, 2022
20211015043244_IMG_3392-01

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်ဖို့  အီးယူနဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၉ နိုင်ငံက မြန်မာ စစ်အာဏာရှင်ကို ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်နဲ့ အဲလ်ဘေးနီးယား၊ သြစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု တနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ  ပူးတွဲထုတ်ပြန် တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာထားတာကို  အဆုံးသတ်ဖို့ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိပေးအပ်ခွင့်ပြုဖို့နဲ့ နိုင်ငံခြားသားတွေ အပါအဝင် မတရားထိန်းသိမ်းခံထားသူတွေအားလုံးကို  ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ထိန်းသိမ်းခံန နိုင်ငံရေးသမားတွေအပေါ်  ပြစ်ဒဏ်ချမှတ်တဲ့ အပေါ် လွန်စွာ စိုးရိမ်မကင်းဖြစ်ရတယ်လို့ဆိုပါတယ်။

မြန်မာစစ်တပ်အာဏာသိမ်းယူပြီးနောက် တစ်နှစ်အကြာမှာ ပြင်းထန်ဆိုးဝါးတဲ့ အကျိုးဆက်တွေ ရှင်းလင်းပြတ်သားစွာမြင်နေရကာ ပြည်သူ ၁၄ သန်းကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်နေကာ  စီးပွားရေးမှာလည်း ကပ်ဆိုးကာလအတွင်းသို့ ရောက်နေတယ်လို့ ထောက်ပြထားပါတယ်။ အာဏာသိမ်းယူခဲ့ချိန်ကစပြီး အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ကြရသူ လူ ၄၀၀,၀၀၀ကျော်နဲ့  ပတ်သက်ပြီးလည်း မိမိတို့ အလွန်စိုးရိမ်ပူပန်မိတယ်လို့လည်းဆိုပါတယ်။

ဒီမိုကရေစီစနစ်ရဲ့ ရလဒ်ကောင်းတွေ ကပြောင်းကပြန်ဖြစ်ကာ နိုင်ငံတစ်ဝန်းတွင် ပဋိပက္ခတွေ ကူးစက်ပြန့်ပွားနေပြီး မြန်မာနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကိုပင် ရိုက်ခတ်နေတဲ့ ဆိုးဝါးလှတဲ့ ကပ်ဆိုက်မှုအတွက် စစ်တပ်မှာ တာဝန်ရှိတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ သက်ဆိုင်သူအားလုံး အပြုသဘောဆောင် ဆွေးနွေးမှုနဲ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့လည်း  ထပ်မံတောင်းဆိုထားပါတယ်။

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက်ငါးရပ်နဲ့ ဒါကို အကောင်အထည်ဖော်ရန်ကြိုးပမ်းနေတဲ့ အာဆီယံအထူးကိုယ်စားလှယ်ကိုထောက်ခံကြောင်းနဲ့ ဘုံသဘောတူချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ဖို့ ကြိုးပမ်းတဲ့အခါ အထူးကိုယ်စားလှယ်အနေနဲ့ သက်ဆိုင်သည့်လူပုဂ္ဂိုလ်အသီးသီးနဲ့ တွေ့ဆုံခွင့်ရရှိရေး ထိထိရောက်ရောက် ထိတွေ့ဆောင်ရွက်ဖို့ စစ်အာဏာရှင်ကို တောင်းဆိုတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024