ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဖေဖော်ဝါရီ ၁ ရက် ဒီကနေ့ မွန်းတည့်ချိန်လောက်က စစ်တပ်ထောက်ခံပွဲ ပြုလုပ်နေတဲ့အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရသူ ၃၀ ကျော်လောက်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
တာချီလိတ် အထက်တန်းကျောင်းအနားမှာ မွန်းတည့် ၁၂ နာရီ ကျော်လောက်က ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်သူ လူဦးရေများနိုင်ကာ တချို့ကိုတော့ ဆေးရုံခေါ်သွားရတယ်လို့ တပ်ထောက်ခံပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
မကာဟိုခမ်းရပ်ကွက်နေပြည်သူတစ်ဦးကလည်း ဗုံးကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၂ ယောက်နဲ့ ဒဏ်ရာရ ၃၅ ဦးလောက်ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့သိရသလောက်တော့ လူအုပ်ကြားထဲဗုံးပေါက်ပြီး သေဆုံးတာအနည်းဆုံး ၂ ယောက်နဲ့ ဒဏ်ရာရတာ ၃၅ ယောက်ရှိတယ်လို့ ကြားတယ်ခင်ဗျ၊ ဆေးရုံတက်နေရတဲ့လူတွေအများကြီးပဲ။ သူတို့အတွက် ထမင်းထုတ်တွေသွားဝေပေးဖို့ ရပ်ကွက်ထဲမှာ အကူအညီလိုက်တောင်းတာရှိတယ်။”
သေဆုံးဒဏ်ရာရသူ အရေအတွက်အတိအကျကိုတော့ မသိရသေးသလို သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း မေးမြန်းလို့မရသေးပါဘူး။ အဆိုပါတပ်ထောက်ခံပွဲကို သူဌေးက လာခိုင်းတဲ့အတွက် မသိနားမလည်ဘဲ လိုက်ပါခဲ့ရတဲ့ အာခါနဲ့ လာဟူးတိုင်းရင်းသားတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
တာချီလိတ်မြို့ တခြားနေရာတွေမှာတော့ ပြည်သူတွေက စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်ကို ဆင်နွှဲနေပြီး လမ်းပေါ်မှာလည်း လူသွားလူလာ ကင်းရှင်းနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း တာချီလိတ်မြို့မှာ လူအင်အား ၂၀၀ လောက်နဲ့ စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့ပါသေးတယ်။