ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က အသံတိတ်သပိတ်အား တန်ပြန်ပြုလုပ်တဲ့အနေနဲ့ တပ်ထောက်ခံပွဲကို ၁၁ နာရီလောက်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းတာ ၁ နှစ်ပြည့် အသံတိတ်သပိတ်ပြုလုပ်နေချိန်မှာ တန်ပြန်တဲ့အနေနဲ့ စစ်တပ်ထောက်ခံပွဲပြုလုပ်တာဖြစ်ပြီး လာတဲ့သူတွေကို ထွေအုပ်က တစ်ယောက်ကို ကျပ် ၅ ထောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာဘက်က ကြံ့ခိုင်ရေးတွေတော့ သွားကြားတယ်၊ လူနည်းလို့ ပိုက်ဆံပေးခေါ်တယ်လို့ ကြားတယ်။ တယောက်ကို ငါးထောင်နဲ့ ” လို့ မြောင်းမြမြို့ခံတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ထောက်ခံပွဲကို နောင်ရိုးခန်းမရှေ့ကနေစတင်ပြီး အောင်ဆန်းလမ်း ကမ်းနားလမ်းနဲ့ ဦးဘချိုလမ်းထိ လူအင်အား ၁၀၀ နီးပါးနဲ့ လှည့်လည်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ထောက်ခံပွဲ လာရောက်တဲ့လူတွေကို ထွေအုပ်ဝန်ထမ်းတွေက တစ်ဦးကို ၅ ထောင်ပေးတယ်လို့ ဒေသခံတွေအကြား ပြောဆိုမှုတွေရှိနေပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်တပ်အာဏာသိမ်း ၁ နှစ်ပြည့်တဲ့နေ့မှာပဲ ဧရာဝတီတိုင်းအတွင်းက လပွတ္တာမြို့မှာလည်း ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။