မြန်မာစစ်အာဏာရှင်အနေနဲ့ လက်ရှိ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကနေ နောက်ပြန်လှည့်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မြောက်တဲ့အပေါ် သမ္မတ ဂျိုးဘိုင်ဒင်က အခုလို ထုတ်ပြန်ပြောကြားလိုက်တာဖြစ်ပြီး စစ်အာဏာရှင်အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျထုတ်ဖော်ပြောဆိုတဲ့ အသံတွေကို ဆက်လက် ပိတ်ပင်တားဆီးနေမယ်ဆိုပါက စစ်တပ်နဲ့ တပ်ထောက်ခံသူတွေကို ဒဏ်ခတ်အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မိမိတို့ မေ့လျော့ခြင်းမရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ကြဉ်းနိုင်ဖို့ မဆုတ်မနစ် ကြိုးစားအားထုတ်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်အားပေးထောက်ခံသွားမယ်လို့လည်း သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် အဂတိလိုက်စားမှုတွေ အကြီးအကျယ် ဖြစ်ပွားနေသလို ပြည်တွင်းပဋိပက္ခဟာလည်း ဆိုးသထက် ဆိုးလာနေတယ်၊ စစ်အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံတဝန်း ကြီးမားတဲ့ ဆင်းရဲဒုက္ခတွေကို ဖြစ်ပေါ်စေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းသာယာမှုကိုလည်း ထိခိုက်စေတယ်၊ မြန်မာနိုင်ငံတဝန်း သန်းနဲ့ချီတဲ့ ပြည်သူတွေ အသက်ကယ်ဆယ်ရေးအကူအညီ အကြီးအကျယ်လိုအပ်နေပေမဲ့ စစ်အာဏာရှင်က ဟန့်တားပိတ်ပင်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်အနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်တဲ့ အဖွဲ့တွေကို အတားအဆီးမရှိ အကူအညီပေးအပ်ခွင့်ပြုဖို့၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိစေရေးအတွက် သက်ဆိုင်သူများအားလုံးနဲ့ ထိထိရောက်ရောက် အပြန်အလှန်ဆွေးနွေးမှုကို အလျင်အမြန်လုပ်ဆောင်ဖို့လည်း သမ္မတ ဘိုင်ဒင်က တိုက်တွန်းထားပါတယ်။
မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းယူခဲ့တာဖြစ်ပြီး သက်တမ်း ၁ နှစ်ပြည့်ချိန်မှာ အာဏာသိမ်းသက်တမ်းကို ၆ လ ထပ်တိုးထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁,၅၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး သောင်းနဲ့ချီ မတရားဖမ်းဆီး ထောင်ချခံခဲ့ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အကြာမှာ မြန်မာနိုင်ငံတဝန်း စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး နယ်ပယ်အားလုံးမှာ ယိုယွင်းပျက်စီးသွားခဲ့တာလည်း ဖြစ်ပါတယ်။