စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်-မြင်းမူမြို့နယ်စပ်နှစ်ခုကြား ပဒတ်ထိုင်ကျေးရွာအနီးကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၃၁ ရက် ဒီနေ့ မနက်ခင်းပိုင်းက ရဟတ်ယာဉ်နဲ့လာရောက် ပစ်ခတ်တိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ပစ်ခတ်ခဲ့တဲ့ ရဟတ်ယာဉ်ဟာ မုံရွာမြို့ နမခဘက်ကနေလာ ရောက်ပစ်ခတ်တာဖြစ်တယ်လို့ လည်းသိရပါတယ်။
ဒေသခံပြည်သူတစ်ဦးက “ရဟတ်ယာဉ်လေးစီးနဲ့ လာပစ်တာဗျ။ ဗုံးတွေလည်းကြဲတယ်။ အသံအကျယ်ကြီးတွေပါ ကြားနေရတယ်။ ဒီနားတဝိုက် တခြားရွာတွေထိ မြေကြီးပါ တုန်ဟီးနေ တာပဲ။ ကျနော်တို့ရွာမှာလည်း ကြောက်လို့ အားလုံး မြေကျင်းထဲ ဝင်ပုန်းနေရပါပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီက ရဟတ်ယာဉ်အသုံးပြုပြီးအခုလို လာရောက်ပစ်ခတ်တာဟာ ဒေသခံပြည်သူ ကာကွယ်ရေးတပ်သင်တန်းဆင်းပွဲရှိတယ်ဆိုပြီး မှားယွင်းတဲ့သတင်းရထားလို့ လာရောက် ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ အထိခိုက်အကျဆုံးရှိမရှိကိုတော့ မသိရသေးသလို ကျေးရွာအတွင်းစစ်ကောင်စီတပ်တွေ ဝင်ရောင်တပ်စွဲနေတာကြောင့် အထိခိုက်အကျဆုံး အတိကျကိုသိရဖို့ စုံစမ်းလို့ မရသေးပါဘူး။