မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ရေရှည်မှာ သိသိသာသာဆုတ်ယုတ်လာနိုင်ပြီး ပြည်သူအများစုအတွက်လည်း အင်မတန်စိုးရိမ်စရာ အခြေအနေပဲလို့ ကမ္ဘာ့ဘဏ်ရဲ့ ပညာရှင်တွေက ပြောပါတယ်။
အခု ဇန်နဝါရီ နောက်ဆုံးပတ်မှာ ထုတ်ပြန်လိုက်တဲ့ အတားအဆီးအခက်အခဲတွေနဲ့ ဆက်လက် ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဆိုတဲ့ အစီရင်ခံစာမှာ မြန်မာ့စီးပွားရေးနဲ့ မြန်မာပြည်သူတို့ဟာ ကိုဗစ်-၁၉ နဲ့ စစ်အာဏာသိမ်းတာတို့ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက် ခံစားနေရတုန်းလို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယမ် ရှာမန်က “မြန်မာနိုင်ငံက ပြည်သူအများစုအတွက် လက်ရှိအခြေအနေနဲ့ ရှေ့ကာလအတွက် ခန့်မှန်းချက်တွေက ဆက်လက်ပြီး အလွန်စိုးရိမ်စရာ အနေအထားမှာ ရှိနေပါတယ်။ လတ်တလောမှာ ပဋိပက္ခတွေ ဆက်တိုက်ဖြစ်လာတာကြောင့် ပထမအချက်အနေနဲ့ လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာရှုထောင့်က စိုးရိမ်စရာဖြစ်နေပြီး စီးပွားရေးလုပ်ငန်းတွေအပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး ထိုးနှံနိုင်မှု နည်းသေးတာနဲ့ ကျန်းမာရေးကဏ္ဍမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ဒဏ်ကို ခံနိုင်ရည် အင်မတန်နည်းပါလိမ့်မယ်” လို့ပြောပါတယ်။
တချို့ကဏ္ဍတွေမှာ တည်ငြိမ်လာမယ့် လက္ခဏာတွေပေါ်လာပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းတာမဖြစ်ခဲ့ရင် ရှိနေမယ့် စီးပွားရေးပမာဏထက် ၃၀ ရာခိုင်နှုန်း ပိုပြီး သေးသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းထားချက်ဟာ အင်မတန်အားနည်းနေတဲ့ စီးပွားရေးအခြေအနေကို ထင်ဟပ်နေတာလို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဆိုပါတယ်။
ကိုဗစ်မတိုင်ခင်အခြေအနေထက် ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ကူးသန်းသွားလာမှုဟာ ၇၀ ရာခိုင်နှုန်း ကျဆင်းသွားရာကနေ ၂၀၂၀ ခုနှစ် အခြေပြအဆင့်ကို ပြန်ရောက်လာပေမယ့် လက်လီကုန်သွယ်မှု၊ အပန်းဖြေမှုနဲ့ သယ်ယူပို့ဆောင်ရေး ဝင်ငွေတွေကတော့ ကိုဗစ်မဖြစ်ခင်အဆင့်အောက် ၃၀ ရာခိုင်နှုန်းလောက် ဆက်လက်နိမ့်ကျနေတုန်းပဲ လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် ကင်မ်အဒ်ဝဒ်က “ညွှန်းကိန်းအများစုက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု သိသိသာသာ ကျဆင်းသွားပြီး လျှပ်စစ်ကဏ္ဍ အပါအဝင် အရင်က ဖြစ်ထွန်းနိုင်ခြေရှိတဲ့ စီမံကိန်းတွေတောင် ဝယ်လိုအားလျော့သွားလို့ ရပ်တည်ဖို့ ခက်ခဲလာတာကို တွေ့ရပါတယ်။ ဒါ့အပြင် လအတန်ကြာ ပညာသင်ကြားခွင့် ပြတ်တောက်သွားတာနဲ့အတူ အလုပ်လက်မဲ့နှုန်း မြန်မြန် မြင့်တက်လာတာ၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရတာတွေကြောင့် ရေရှည်မှာ လူသားရင်းမြစ်၊ ကျွမ်းကျင်မှုနဲ့ ကုန်ထုတ်စွမ်းအားတွေ သိသိသာသာ လျော့ကျသွားပါလိမ့်မယ်” လို့ ပြောပါတယ်။
ဆင်းရဲမွဲတေမှု မမာဏဟာ ကိုဗစ်မတိုင်ခင်ကထက် ၂ ဆ ပိုတိုးလာတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားပြီး စစ်အာဏာသိမ်းတာက မြန်မာနိုင်ငံမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်တာကို အဟန့်အတားဖြစ်စေလိမ့်မယ်လို့လည်း ဆိုထားပါတယ်။
Photo- WorldBank