ကရင်ပြည်နယ်၊ ကေအန်ယူ၊ တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ လမ်းကြောင်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းရှေ့နဲ့ မြို့ဝင်မြို့ထွက်တွေကို ဟန့်တားပိတ်ဆို့ပြီး စစ်ကောင်စီက စစ်ဆေးနေတယ်လို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီနောက်ဆုံးပတ်က စတင်ပြီး ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ လမ်းကြောင်းကို ၂ ရက်ကြာ ပိတ်ထားခဲ့ပြီးနောက် ဖြတ်သန်းသွားလာတဲ့ လူ၊ ဆိုင်ကယ်နဲ့ ကားတွေကို တားဆီး စစ်ဆေးတာတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။
ကေအန်ယူ တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီက ဘုရားသုံးဆူလမ်းနဲ့ ကြာအင်းဆိပ်ကြီးလမ်းကို ခရီးသည်တွေ သွားလာခွင့်ကို ပိတ်လိုက်တယ်။ ကားတွေပိတ်လိုက်ပြီး စစ်ဆေးရေးတွေ တိုးချဲ့လိုက်တော့ အဲဒါကို လူထုတွေက စိုးရိမ်ပြီးကြောက်ကြတယ်။ ဒါပေမဲ့ လမ်းတော့ဖွင့်လိုက်ပြီ။ အခုထက်ထိတော့ စစ်တုန်းပဲ”လို့ ဆိုပါတယ်
စစ်ကောင်စီက ခရီးသွားပြည်သူတွေကို စစ်ဆေးနေတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးခံရမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဘုရားသုံးဆူမြို့၊ ဒေသခံတစ်ဦးက “စစ်ကောင်စီရဲ့တပ်တွေက အခုလို စစ်ဆေးနေတာ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ခရီးသွားရတာ မလွတ်လပ်ဘူး။ နောက်ပြီး ဘယ်လို အကြောင်းရှာပြီး ဖမ်းမလဲ။ ငွေညှစ်မလဲ စိတ်ပူနေရတယ်။ နောက် ဘယ်အချိန် တိုက်ပွဲထဖြစ်မလဲ စိုးရိမ်နေရတယ်”လို့ ဆိုပါတယ်။
အလားတူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းကြောင်းပေါ် စစ်ကောင်စီရဲ့ တပ်နဲ့ BGF ပူးပေါင်းတပ်တွေက လမ်းဘေးဝဲယာတလျှောက် တပ်စွဲလှုပ်ရှားနေတဲ့အတွက် အနီးအနားကျေးရွာတွေက ဒေသခံတွေဟာ ထွက်ပြေး ပုန်းရှောင်နေရပါတယ်။
နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ မိမိတို့ ဆွေမျိုးတွေရှိရာ ကျေးရွာတွေနဲ့ နီးစပ်ရာကျေးရွာတွေမှာ ခိုအောင်းနေရတဲ့အတွက် မိမိတို့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ လယ်ယာ၊ ဥယျာဥ်ခြံလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ခြင်းမရှိတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ တပ်တွေဟာ ကျေးရွာအတွင်းနဲ့ လူနေအိမ်တွေမှာ အခြေပြုလှုပ်ရှားပြီး၊ ကျေးရွာအတွင်းက ပြည်သူပိုင် တိရစ္ဆာန်တွေကို ခိုးယူ စားသောက်တာတွေ ခံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တပ်မဟာ ၆ နယ်မြေအတွင်း ဇန်နဝါရီ ၇ ရက်မှ ၂၃ ရက်အထိ စစ်ကောင်စီက နယ်မြေ ကျူးကျော် ထိုးစစ်ဆင်ပြီး မြေပြင်ကနေ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့အတူ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ကျေးရွာသား ၁၂ ဦး ဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ KNUက ထုတ်ပြန်ထားပါတယ်။