ထားဝယ်-မြိတ်ပြည်ထောင်စုလမ်းမကြီးကနေ မြိတ်မြို့ဘက်ကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေ ခြံရံပြီး မောင်းလာတဲ့ လောင်စာဆီတင် ဘောက်ဆာကားတွေ ရေးမြို့နယ်နဲ့ ပုလောမြို့နယ်တွေမှာ တိုက်ခိုက်ခံခဲ့ရပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ၂၈ မိုင်မှာ လောင်စာဆီသယ်ယာဉ်တွေကို ဇန်နဝါရီ ၂၃ ရက်က မိုင်း ၄ လုံးနဲ့တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ပွိုင့်ကားကို ထိမှန်ကာ အကျအဆုံးရှိခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ YPDF က ထုတ်ပြန်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခံခဲ့ရတဲ့ ဆီသယ်ယာဉ်တွေနဲ့ လုံခြုံရေးယာဉ်တွေဟာ ထားဝယ်မြို့မှာရပ်နားပြီး ဇန်နဝါရီ ၂၅ ရက် ညပိုင်းမှာ မြိတ်မြို့ကို ဆက်လက်ထွက်ခွာလာခဲ့ပါတယ်။
ဇန်နဝါရီ ၂၆ ရက် ဒီမနက် ၁ နာရီခွဲမှာ သတင်းအရ စောင့်ဆိုင်းနေတဲ့ ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က ပုလောမြို့နယ် ကျောက်ပုဇွန်တောင်ဘက်ကနေ စောင့်ဆိုင်းပြီး ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တဲ့အတွက် ယာဉ်တန်းမှာလိုက်ပါလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့ PPDF က ထုတ်ပြန်ထားပါတယ်။
လုံခြုံရေးမော်တော်ယာဉ်အပါအဝင် ဆီသယ်ကား စုစုပေါင်း ၂၂ စီးဟာ မြိတ်မြို့မှာရှိတဲ့ လေတပ်စခန်းကို ပို့ဆောင်မယ့် လေယာဉ်ဆီတွေဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်း နေကြပါတယ်။