ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ သက်ငယ်မုဒိန်းမှုနဲ့ ဖမ်းဆီးခံထားရသူတယောက် ရဲစခန်းအချုပ်ကနေ ထွက်ပြေးလွတ်မြောက်သွားပြီး ၃ ရက်ကြာတဲ့အထိ ပြန်ဖမ်းမမိသေးဘူးလို့ သိရပါတယ်။
သက်ငယ်မုဒိန်းမှု ကျူးလွန်မှုနဲ့ ဖမ်းဆီးထားတဲ့ အောင်သူရဇော်ဆိုသူမှာ ဇန်နဝါရီ ၂၃ ရက်က ဒေးဒရဲမြို့မ ရဲစခန်းမှာ အိမ်သာတက်ချိန်မှာ ထွက်ပြေးလွတ်မြောက်သွားတာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
“သူက အိမ်သာသွားမယ်ဆိုပြီး အိမ်သာနောက်ကနေ ထွက်ပြေးသွားတာ ပြန်မမိသေးဘူး သက်ငယ်မုဒိန်းမှုက အမှုကြီးထဲမှာပါတယ် စုံခုံစစ်ဖို့တော့ လုပ်နေတယ်ကြားတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။
အချုပ်သားတဦး ထွက်ပြေးလွတ်မြောက်သွားရင် အရပ်သာအစိုးရလက်ထက်က ကင်းမှာ တာဝန်ရှိသူတွေကို ထောင် ၃ နှစ်ချတာတွေရှိပြီး အာဏာသိမ်းစစ်တပ်လက်ထက်မှာတော့ အရေးယူဖို့ ရှိ မရှိ မသိရသေးပါဘူး။
သက်ငယ်မုဒိန်းမှုကျူးလွန်ထားသူ ထွက်ပြေးလွတ်မြောက်သွားတဲ့ ရဲစခန်းမှာ ရဲတွေရော စစ်သားတွေပါ အချိန်ပြည့် ကင်းစောင့်တာတွေရှိနေချိန်မှာ ခုလို ထွက်ပြေးလွတ်မြောက်သွားတဲ့ အပေါ် ဒေသခံတွေအကြား ပိုက်ဆံယူပြီး လွှတ်ပေးသလားဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။