စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် မုံရွာ-ယာကြီး -ကလေးဝလမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၂၃ ရက် မနက် ၂ နာရီ ဝန်းကျင်က ပိတောက်နဲ့ သစ်မာ ၁၀ တန်လောက် တင်ဆောင်လာတဲ့ ကားနှစ်စီးကို ဒေါင်းနီပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို ထုတ်ပြန်ထားပါတယ်။
အဖွဲ့သားတွေ ကင်းလှည့်နေတဲ့အချိန် ချောင်းမရွာနား အရောက်မှာ ဖမ်းမိတာဖြစ်ပြီး ဖမ်းမိတဲ့သစ်တွေ ၁၀ တန်လောက်ရှိကာ ဒေသတွင်းမှာ အခုလို သယ်ယူတာကို တားမြစ်ထားတယ်လို့ ဒေါင်းနီ PDF ရဲ့ တာဝန်ရှိသူယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ကားသမား နှစ်ယောက်နဲ့ သစ်ကား နှစ်စီးကို ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးနဲ့ သဘာဝ သယံဇာတထိန်းသိမ်းရေးအဖွဲ့က ငွေဒဏ် ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
နောက်ပိုင်းမှာ အလားတူကိစ္စမျိုး ထပ်ဖြစ်လာပါက စာနာထောက်ထားတော့မှာ မဟုတ်ဘဲ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။