ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဧည့်စာရင်းမတိုင်တဲ့သူတွေကို ပိုက်ဆံ ၅ သောင်းတောင်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဇန်နဝါရီလဆန်းပိုင်းကစတင်ကာ ညစဉ်ဆိုသလို ရပ်ကွက်တွေကို အလှည့်ကျလိုက်လံ ဧည့်စာရင်းစစ်တာတွေ ပြုလုပ်ပြီး ဧည့်စာရင်းမတိုင်ထားတဲ့ နေအိမ်တွေက တဦးကို ဒဏ်ငွေအဖြစ် ၅ သောင်းတောင်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်သား၊ ရဲ၊ ပြီးတော့ မီးသတ်အရံလား ဘာလာတော့ သေချာမသိဘူး ပြီးတော့ အရပ်ဝတ်တွေနဲ့လည်း ပါတယ် မတိုင်ရင်တော့ တော်တော်ရှင်းယူရတာ ပိုက်ဆံတောင်းတယ်ဆိုတာ ကံကောင်းတာ တချို့ဆို စခန်းကို ခေါ်သွားတာ လူငယ်တွေဆိုပိုဆိုးတယ် ခုက သူတို့လုပ်သမျှ ငြိမ်ခံနေရတယ်” လို့ ပုသိမ်မြို့ခံတဦးက ပြောပါတယ်။
အမှတ် ၄ ရပ်ကွက်က ဒေသခံနေအိမ်တွေကို ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းက ဧည့်စာရင်းစစ်တာတွေ ပြုလုပ်ခဲ့ပြီး လူငယ် ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးလာတဲ့သူတွေကို စခန်းမှာစစ်ဆေးလို့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အချက်လက်တွေ ဖုန်းထဲမှာမတွေ့ရင် ပိုက်ဆံ ၅ သောင်းကနေ ၃ သိန်းကြားတောင်းပြီး ပြန်လွှတ်ပေးလေ့ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲမိသားစုဝင်တဦးက ပြောပါတယ်၊။