ကယားပြည်နယ် (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ် ကျောင်းသားသမဂ္ဂ ဦးဆောင်ပြီး မြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ အမျိုးသားကျောင်းတွေကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။
ဒီလိုကျောင်းတွေမှာ အခုလက်ရှိအချိန်အထိ ပညာသင်ကြားနေတဲ့ မူလတန်းကျောင်းသားကျောင်းသူ ၁၃၂၈၂ ဦးရှိပြီး အလယ်အတန်းအဆင့်နဲ့ အထက်အတန်းအဆင့်အနေနဲ့ ပညာသင်ကြားသူတွေလည်း ရှိပါတယ်။
အမျိုးသားကျောင်းတွေကို ကယားပြည်နယ်အတွင်း မြို့နယ်တွေအများအပြားမှာ ဖွင့်လှစ်ထားပြီး ဘော်လခဲမြို့နဲ့ ဖားဆောင်းမြို့တွေ ကျန်ရှိသေးတယ်လို့လည်း သိရပါတယ်။ ပြည်နယ်အတွင်းရှိ ကျောင်းသားဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ပညာသင်ကြားပေးနိုင်ပြီ ဖြစ်ပြီး လက်ရှိမှာ ဆရာ၊ ဆရာမအင်အားကတော့ အလုံအလောက်မရှိသေးဘူးလို့ သိရပါတယ်။
ကျောင်းသားဦးရေနဲ့ လုံလောက်မှုရှိတဲ့ ကျောင်းသင်ရိုးစာအုပ်တွေနဲ့ စာရေးကိရိယာတွေလည်း လိုအပ်နေပါတယ်လို့ ဒီးမော့ဆိုသမဂ္ဂက တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
ကျောင်းသားသမဂ္ဂများအနေနဲ့ ကြားကာလ ပညာရေးကို နည်းအမျိုးမျိုးနဲ့ ဖော်ဆောင်ဖို့ ကြိုးပမ်းနေကြပြီး စစ်ကျွန်ပညာရေးကို ရုန်းထွက်နေကြတဲ့ ကျောင်းသားတွေကို ပညာရေး မနှောင့်နှေးစေဖို့ အွန်လိုင်းစနစ်နဲ့ ပညာသင်ကြားပေးမှုတွေရှိနေပါတယ်။
အင်တာနက် အခက်အခဲရှိတဲ့ မြို့နယ်တွေမှာတော့ ကိုယ်ထူကိုယ်ထ အမျိုးသားကျောင်းတွေကို ဖွင့်လှစ်နိုင်ဖို့ အဓိကထား ဖော်ဆောင်နေကြပါတယ်။