မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာအုပ်စု၊ ယက္ကန်းတော်ရပ်ရှိ ကျေးရွာ ရာအိမ်မှူးနေအိမ်နဲ့ ကျေးလက်ကျန်းမာရေး ဆရာနေအိမ်တို့ အနီးမှာ ဇန်နဝါရီ ၂၄ ရက် ဒီမနက် ၅ နာရီဝန်းကျင်က လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
အမည်မသိအမျိုးသားနှစ်ယောက်က ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး လက်လုပ်မိုင်းနဲ့ ပစ်ပေါက်ခဲ့ရာ ကျေးရွာရာအိမ်မှူး ဦးမင်းကိုနိုင်ရဲ့ နေအိမ်နဲ့ ကျေးလက်ကျန်းမာရေးဆရာမ ဒေါ်ခင်သန္တာထွန်းတို့ရဲ့ နေအိမ်နှစ်အိမ်ကြား ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဗုံးပေါက်သံက မနက်အစောကြီး ကြားလိုက်ရတယ်။ အစောကြီးလည်း ဖြစ်တော့ ဗုံးသံက ပလိပ်ကနေတောင် ကြားရတယ် ပြောတယ်။ လူထိခိုက်တာတော့ မရှိဘူးတဲ့” လို့ အမရပူရမြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။
လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် နေအိမ်နှစ်အိမ်ကြားရှိ အုတ်တံတိုင်း ကွဲအက်တာနဲ့ နေအိမ် နှစ်အိမ် အနည်းငယ်ပျက်စီးတာတွေရှိခဲ့ပြီး လူထိခိုက် ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။