Home
မြန်မာသတင်း
မတ္တရာမြို့နယ်၌ လောင်းကစားဝိုင်းများ ဆက်မဖွင့်ကြရန် ပကဖ နောက်ဆုံးအကြိမ် သတိပေး
DVB
·
January 24, 2022
511933-271881035_1623918687972888_913301800630047443_n-730x365

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာ လောင်းကစားဝိုင်းတွေ အင်မတန်များပြားလာတဲ့အတွက် လောင်းကစားဝိုင်းတွေ ဆက်မလုပ်ကြဖို့ ပကဖ (မတ္တရာ)က နောက်ဆုံးအကြိမ် သတိပေးလိုက်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေး ယန္တရားရဲ့ အကျင့်ပျက်ချစားမှုတွေကြောင့် နေရာအနှံ့ လောင်းကစားဝိုင်းတွေ များပြားလာပြီး ဂျင်ဝိုင်း၊ ကြက်ဝိုင်း၊ဖဲဝိုင်း၊ဂလုံး ဂလုံးဝိုင်း၊စတဲ့ အကြီးစားလောင်းကစားဝိုင်းတွေအပြင် စမာကလာ‌ ခေါ် ၂၄ ရုပ်ပါ မဲကစားဝိုင်းနဲ့ အခြားသော လောင်းကစားမှုတွေကို ဒိုင်ဖွင့်လှစ်ပြီး လောင်းကစားဝိုင်းတွေပြုလုပ်နေကြတာ စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။

မတ္တရာ နယ်ခံ တစ်ဦးက "တော်တော်ဆိုးနေပါတယ်၊ စမာကလာ ခေါ်  ၂၄ ရုပ်ပါ မဲဝိုင်းလေးတွေက ရွာတိုင်းနီးပါးမှာ လာဖွင့်နေကြပြီး တစ်ချို့ရွာတွေဆို နေ့ရောညပါ ဖွင့်ပြီး ကစားနေကြပါတယ်။ ရဲကို လိုင်းကြေးအဖြစ် တစ်ဝိုင်းကို ၅၀၀၀ ပေးသွင်းရတယ် ကြားပါတယ်။ နောက် ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ ကြက်ဝိုင်း အကြီးစားကြီးတွေက ငါးဝိုင်းလောက်ရှိပါတယ်။ မတ္တရာ ပုသိမ်ကြီး အစပ်က လှိုင်းပေါက်ရွာမှာဆိုရင် ဂျင်၊ ဖဲ၊ ဖိုး၊ ပြည့်တန်ဆာပါ အစုံရတယ်ကြားသိရပြီး ဓားကိုင်လူမိုက် အစောင့်အရှောက်ကိုက ၂၀ ကျော်လောက်ရှိတယ် ကြားသိထားရတယ်" လို့ ပြောပါတယ်။

လောင်းကစားဝိုင်းတွေ များပြားလာတာကြောင့် နောက်ဆက်တွဲ ခိုးမှု၊ လုယက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ အများပြည်သူတွေရဲ့ လုံခြုံရေးကို ထိပါးမှုတွေလည်း များပြား‌လာနေပြီး ပကဖ (မတ္တရာ)ဆီ ပြည်သူ့တိုင်ကြားစာ အမြောက်အများ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီအတွက် လောင်းကစားဝိုင်းတွေနဲ့ လောင်းကစားနည်းတွေကို ဖွင့်လှစ်မကစားကြဖို့ နောက်ဆုံးအကြိမ် ပြင်းထန်စွာ သတိပေးတာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း လောင်းကစားဝိုင်းတွေနဲ့ နီးကပ်စွာမနေကြဖို့ ပကဖ (မတ္တရာ) က ထုတ်ပြန်အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024