မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက် ၊ ပြည်ကျော်ဈေး အရှေ့ဘက် ၈၇ လမ်း၊ လမ်း ၃၀ နဲ့ ၃၁ လမ်းကြားရှိ ကမ္ဘောဇဘဏ် ပြည်ကျော်ဈေးဘဏ်ခွဲကို ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီကျော်က မီးပုလင်းနဲ့ ပစ်ခံခဲ့ရပါတယ်။
မီးပုလင်းပစ်ခံရပေမယ့် အမြန်ဆုံးမီးငြှိမ်းသတ်နိုင်ခဲ့တဲ့အတွက် လူထိခိုက်ဒဏ်ရာရတာနဲ့ အဆောက်အအုံ ထိခိုက်ပျက်စီးတာမရှိဘူးလို့ သိရပါတယ်။
“အဲ့ဒီဘဏ်နားလေးမှာ မီးသတ်ရှိတယ်။ ထိခိုက်ပျက်စီးတာ မရှိဘူး။” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦး က ပြောပါတယ်။
ဒါ့အပြင် ဘဏ်အနီးမှာရှိတဲ့ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးလည်း ဗုံးနဲ့ပစ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ သိရပါတယ်။
ကမ္ဘောဇဘဏ်အနေနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခိုင်းသမျှလိုက်လျောပြီး KPay အကောင့်တွေ ပိတ်တာနဲ့ပတ်သက်လို့ ကမ္ဘောဇဘဏ်ကို စစ်ကောင်စီဒေါက်တိုင်အဖြစ်သတ်မှတ်ကာ ပြင်းထန်တဲ့ သတိပေးမှုတွေလုပ်သွားမယ်လို့ Ranger of Mandalay အဖွဲ့က ထုတ်ပြန်ထားပါတယ်။