စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့တောင်ဘက်၊ မြေနဲ့ကျေးရွာနဲ့ မင်းရွာကြားမှာ ဇန်နဝါရီ ၂၀ ရက်နေ့ညနေ ၆ နာရီကျော်လောက်က ပေါက်ကွဲမှုတခုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဘက်က အကျဆုံးရှိနိုင်ပြီး မိုင်းဆွဲခံရတဲ့နေရာကနေ သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ဒေသခံတွေ အိမ်တံခါးပိတ်နေကြရတယ်လို့ သိရပါတယ်။
ဒေသခံရွာသာတစ်ဦးက “စစ်ကားက ချောင်းဦးဘက်ကနေ လာတာဗျ။ ကားကတော့ စစ်ကားတွေကို ဒီကောင်တွေက မသုံးဘူး။ အရပ်သုံးအိမ်စီးကားတွေနဲ့ သွားတာများတယ်။ ဒီကောင်တွေက ဖြစ်ပြီးပြီးချင်း သေနတ်တွေနဲ့ အသာကုန်ပစ်တော့တာပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့ဘက် လာသမျှသူတွေကို စစ်ဆေးတာတွေ နေ့စဉ်ပြုလုပ်နေပြီး ဖမ်းစီးသူခံရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီဘက်က အကျဆုံးများနိုင်ပြီး ပြည်သူ့ကာကွယ်ရေးဘက်က အကျဆုံးမရှိဘူးလို့ ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့က ပြောဆိုထားပြီး ဒီဗွီဘီအနေနဲ့ နှစ်ဖက် ထိခိုက်ကျဆုံးစာရင်းကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
မုံရွာ-စစ်ကိုင်းသွားကားလမ်းပိုင်းကို ဇန်နဝါရီ ၂၀ ရက်နေ့ည ၈ နာရီကနေ ဇန်နဝါရီ ၂၁ ရက်နေ့ မနက် ၆ နာရီအထိ ဒေသခံတွေ မသွားလာဖို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က မေတ္တာရပ်ခံစာ ထုတ်ပြန်ထားပါတယ်။