ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့မှာ ဇန်နဝါရီ ၁၈ ရက် ည ၉ နာရီလောက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတွေပါတိုက်ခတ်လို့ ဓာတ်တိုင်တွေ ကျိုးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုင်းဆတ်မြို့ခံတယောက်က "ညက ၉ နာရီ မထိုးခင်ကတည်းက မိုးတွေတအားရွာပြီး လေတွေပါတိုက်တာပါ။ မိုးသီးတွေပါကျတယ်” လို့ ပြောပါတယ်။
မိုးနဲ့လေပြင်းတိုက်ခတ်မှုတွေကြောင့် မိုင်းဆတ်မြို့အတွင်း ကျဒယ်လမ်းဆုံ ကနေ ပညာရေးမှူးရုံးကို သွားရာလမ်းပေါ်ရှိ 11KV Line နဲ့ 400V ဓာတ်အားလိုင်းနဲ့ နှစ်ထပ်လိုင်းဓာတ်အားတိုင် ၁၀ တိုင်ကျော်လောက် ကျိုးကျပျက်စီးသွားတယ်လို့ သိရပါတယ်။
"ညက မိုးတွေ လေတွေသည်းပြီး နောက်မီးပျက်သွားတယ်။ ဒီကနေ့ မနက်ထိ မီးမလာသေးဘူးလို့ "ဒေသခံ တဦးကပြောပါတယ်။
အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာလည်း လေပြင်းတွေတိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။