ချင်းပြည်နယ် ဇိုတုန်နယ်မြေမှာ ဇန်နဝါရီ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီးတော့ စစ်ကောင်စီဘက်က ၁၈ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ CDF-Zotung ကနေ သိရပါတယ်။
မတူပီကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်နဲ့ ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့ ၉ ဖွဲ့တို့ဟာ ဟုန်လေးကျေးရွာနဲ့ ရမ်ဆိုင်ကျေးရွာကြားမှာ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားခဲ့တာလို့ CDF-Zotung ရဲ့ ပြန်ကြားရေးတာဝန်ခံက Dvb ကိုပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ ကျနော်တို့ CDF-Zotung က တပ်ဖွဲေဝင်တစ်ယောက် တိုင်းပြည်အတွက် အသက်ပေးလိုက်ရပြီ ရဲဘော် ၂ ယောက်အနည်းငယ် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဇိုတုန်နယ်မြေကို ကျူးကျော်ဝင်ရောက်လာပြီး လူနေအိမ်တွေနဲ့ ဆိုင်ကယ်တွေကို ဖျက်ဆီးသွားသလို နေအိမ်အတွင်းက ပစ္စည်းတွေကိုပါ ယူဆောင်သွားကြတယ်လို့ ပြောပါတယ်။
ဇိုတုန်နယ်မြေအတွင်းမှာရှိတဲ့ အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီတပ်တွေက ရန်သူသဖွယ် ထိုးစစ်ဆင်နေတာကြောင့် ဒေသခံပြည်သူ ၃၀၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးနေရသလို အိန္ဒိယနယ်စပ်ဘက်ကိုလည်း ပြည်သူ ၄၀၀ ကျော်လောက် ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ ဆိုပါတယ်။
ခရီးသွားပြည်သူတွေအနေနဲ့ ဇိုတုန်နယ်မြေအတွင်းကို မဖြစ်မနေ ဖြတ်သန်းသွားလာမယ်ဆိုရင် သက်ဆိုင်ရာ ပြည့်သူ့ကာကွယ်ရေးအဖွဲ့တွေကို အကြောင်းကြားပြီးမှ သွားလာကြဖို့ သတိပေးထားပါတယ်။
နှစ်ဖက်တိုက်ပွဲနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။