ဧရာဝတီတိုင်း၊ မြန်အောင်မြို့၊ အမှတ် ၅၁ ခြေလျင်တပ်ရင်းအနီး တာဝါတိုင်အနားမှာ ဇန်နဝါရီ ၁၆ ရက် ၉ နာရီခွဲလောက်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိဘူးလို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတယောက်က ပြောတယ်။
အခု ဗုံးပေါက်ကွဲတဲ့နေရာဟာ မြန်အောင်-ကနောင် ကားလမ်းဘေးက အမှတ် ၅၁ ခြေလျင်တပ်ရင်း ခြံစည်းရိုးဘေးက Mytel တာဝါတိုင်နားမှာဖြစ်ပြီး၊ အပျက်အစီး အထိအခိုက်ကိုတော့ အတိအကျ မသိရသေးပါဘူး၊
“ညက ပေါက်ကွဲတာ အသံအကျယ်ကြီး ကြားလိုက်ရတာ။ ဘာမှတေ့ာမဖြစ်ဘူး။ မည်သူမည်ဝါ ဖောက်ခွဲတယ်ဆိုတာ မသိရသေးဘူး။ ခုအချိန်ထိတော့ အဲဒီဖြစ်တဲ့နေရာမှာ ရဲတပ်ဖွဲ့က ခရိုင်အဆင့် တာန်ရှိသူတချို့ သွားစစ်ဆေးသွားပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် အခု မနက်ပိုင်းအထိ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်တွေ၊ ကားတွေကိုလည်း စစ်ဆေးနေသလို အနီးအနားရှိ ရှားတောရပ်ကွက်ထဲက အိမ်တွေကို လိုက်စစ်ဆေးနေတယ်”လို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်အောင်မှာ အခုအချိန်အထိ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ဘယ်သူတွေ ဖောက်ခွဲတယ်ဆိုတာတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်အောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။