၂၀၂၁ ခုနစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးနဲ့အတူ ဖက်ဒရယ်စနစ်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေးက ပြည်သူလူထုကြားထဲမှာ စန်းထလာခဲ့ပြန်ပါတယ်။ ဖက်ဒရယ်ဆိုတဲ့ အနက်အဓိပ္ပာယ်က အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Agreement (သဘောတူညီချက်)ပဲ ဖြစ်ပါတယ်။ ဒီထက်ကျယ်ပြန့်တဲ့ အနက်အဓိပ္ပာယ်တွေ လက်တွေ့ကျတဲ့ ဖက်ဒရယ်စနစ် ဆိုတာကို ဆန်းစစ်ကြရမှာပဲ ဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်ဆိုတာ သဘောတူညီချက် (Agreement) ဆိုတဲ့ အနက်အဓိပ္ပာယ်ထက် Equality (တန်းတူရေး) အဓိပ္ပာယ်ကို ပိုမိုသဘောကျပါတယ်။ အနက်အဓိပ္ပာယ်လည်း ပိုမိုပြည့်စုံလိမ့်မယ်လို့လည်း ယူဆပါတယ်။
ဖက်ဒရယ်စနစ်ဆိုတာ တပြည်ထောင်စနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်သလို အာဏာရှင်စနစ်တွေနဲ့လည်း ဆန့်ကျင်ဘက်အရပ်မှာ တည်ရှိနေတဲ့ နိုင်ငံရေးအရ တည်ဆောက်ပုံတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာဦးအစကနေ တည်ရှိနေတဲ့ ထီးပြိုင်နန်းပြိုင် နိုင်ငံငယ်တွေ ပြည်ထောင်တွေကို သဘောဆန္ဒတူညီစွာ ပူပေါင်းပြီး နိုင်ငံတစ်ခုအဖြစ် ထူထောင်လိုက်ခြင်းကို ဖက်ဒရယ်စနစ်လို့ အကြမ်းဖျင်း သတ်မှတ်လို့ရပါတယ်။ ဒီနေရာမှာ နိုင်ငံရေးအတွေးအခေါ် အယူအဆတွေကို ဆန္ဒစွဲကင်းဖို့ လိုပါတယ်။ ဖက်ဒရယ်စနစ်က နိုင်ငံရေးဝါဒတွေအပေါ်မှာ တည်ဆောက်ရတာမျိုးထက် နိုင်ငံရေးအာဏာ၊ စီးပွားရေးရပိုင်ခွင့်အာဏာ ဘယ်လိုညီမျှစွာ ခွဲဝေကြမလဲဆိုတဲ့အပေါ်မှာပဲ အခြေတည်ပါတယ်။ တချို့ပုဂ္ဂိုလ်တွေက ဆန္ဒစွဲရှိစွာ လစ်ဘရယ်ဒီမိုကရေစီစနစ်မှာလည်း ဖက်ဒရယ်စနစ် တည်ထောင်နိုင်တယ် ဆိုတဲ့အယူအဆကို လက်မခံပါဘူး။ ကမ္ဘာမှာ လစ်ဘရယ် ဒီမိုကရေစီစနစ်အောက်ကနေ မဟုတ်ဘဲ ဖက်ဒရယ်စနစ် ထူထောင်ထားတာတွေကို တွေ့ရှိနိုင်ပါတယ်။
အစောဆုံး ဖက်ဒရယ်နိုင်ငံကြီးထဲက တခုဖြစ်တဲ့ ဆိုဗီယက်ယူနီယံပြည်ထောင်စုဟာ ဆိုရှယ်လစ်စနစ်အောက်ကနေ ဖက်ဒရယ်စနစ်တည်ဆောက်ထားတာကို တွေ့ရှိနိုင်ပါတယ်။ ဖက်ဒရယ်စနစ်ဟာ နိုင်ငံရေးဝါဒတွေအပေါ်မှာ တည်ဆောက်ရမှာမဟုတ်ဘဲ အကျိုးစီးပွားခွဲဝေမှု အပေါ်မှာပဲ အခြေတည်ပါတယ်။ ဖက်ဒရယ်စနစ်က ဘယ်နိုင်ငံရေးစနစ်အောက်မှာ ရှိနေပါစေ၊ တန်းတူရေးရှိနေသမျှ ဖက်ဒရယ်စနစ် အသက်ဝင်နေမှာပဲ ဖြစ်ပါတယ်။ တန်းတူရေးနဲ့ တရားမျှတမှု ကင်းမဲ့သွားရင်တော့ ဖက်ဒရယ်စနစ်က အသက်ဝင်တော့မှာ မဟုတ်ပါဘူး။ ကမ္ဘာမှာ ပြီးပြည့်စုံတဲ့ ဖက်ဒရယ်စနစ်မရှိဘူး ဆိုတာကိုလည်း ဒီနေရာမှာ သတိချပ်ရမှာ ဖြစ်ပါတယ်။
ဖက်ဒရယ်စနစ် ရုပ်လုံးပေါ်ဖို့ဆိုရင် မဖြစ်မနေပါဝင်ရမယ့် အခန်းကဏ္ဍတွေ ပါဝင်နေရပါမယ်။ ဖက်ဒရယ်စနစ်ကို အာမခံတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ဖက်ဒရယ်စနစ်ကို အသက်ဝင်စေမယ့် ဒီမိုကရေစီ ကျင့်စဉ်တရားများ၊ ကျား မ တန်းတူရေးနဲ့ ဒေသန္တရအုပ်ချုပ်ရေး၊ မတူကွဲပြားမှုတွေ ပါဝင်ခွင့်ရှိတဲ့ လူ့အဖွဲ့အစည်းတရပ် ထူထောင်ရေးစတဲ့ အချက်အလက်တွေက ဖက်ဒရယ်စနစ်ကို ရုပ်လုံးပေါ် အသက်ဝင်စေမယ့် အခန်းကဏ္ဍတွေပဲ ဖြစ်တယ်။ တချို့နိုင်ငံတွေက ဖက်ဒရယ်စနစ် ဆိုတာကို နိုင်ငံရဲ့ဖွဲ့စည်းပုံတွေမှာ တိုက်ရိုက်ရည်ညွှန်းဖော်ပြကြပါတယ်။
ဥပမာ အီသီယိုးပီးယား၊ မက်ဆီကို၊ ဘရာဇီး၊ နိုင်ဂျီးရီးယား၊ မလေးရှား၊ ပါကစ္စတန်နဲ့ အီရတ် စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေက ဖက်ဒရယ်ဝေါဟာရကို တိုက်ရိုက်မရည်ညွှန်းဘဲ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းဖြင့် ဖက်ဒရယ်စနစ်ကို ရုပ်လုံးဖော်ထားတာကိုလည်း တွေ့ရပါတယ်။ ဥပမာ တောင်အာဖရိက၊ တောင်ဆူဒန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်မှာ အစိုးရအချင်းချင်းကြား လုပ်ပိုင်ခွင့်အာဏာနဲ့ တာဝန်တွေကို ဖွဲ့စည်းပုံအရ ခွဲဝေထားရပါမယ်။ ဆိုလိုတာက ပြည်နယ်အစိုးရအချင်းချင်းဖြစ်စေ၊ ပြည်ထောင်စုနဲ့ ပြည်ထောင်စုအစိုးရကြားထဲ လုပ်ပိုင်ခွင့်အာဏာ၊ တာဝန်ခွဲဝေမှုကို ဆိုလိုတာ ဖြစ်ပါတယ်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့အစိုးရ (သို့မဟုတ်) လွှတ်တော် ၂ ရပ် ရှိရပါတယ်။ အပြန်အလှန် ထိန်းကျောင်းဖို့က ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို ပိုမိုခိုင်မာ အသက်ဝင်စေမှာပဲ ဖြစ်ပါတယ်။ အစိုးရ အချင်းချင်းကြားဖြစ်စေ၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရများအကြား အငြင်းပွားဖွယ် ပြဿနာရပ်တွေ ပေါ်ပေါက်လာခဲ့ရင် ဖြေရှင်းဖို့ လွတ်လပ်တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကို ထူထောင်ပိုင်ခွင့်ကို နိုင်ငံရဲ့ဖွဲ့စည်းပုံမှာ အာမခံပေးရပါမယ်။ ဥပမာ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေမှာ တရားရုံးချုပ်က အငြင်းပွားဖွယ်ပြဿနာရပ်တွေကို ဖြေရှင်းတဲ့ လွတ်လပ်တဲ့အာဏာပိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။ အီသီယိုးပီးယားနဲ့ ဂျာမဏီနိုင်ငံတွေမှာတော့ အထက်လွှတ်တော်ဖြစ်ပြီး တောင်အဖရိကနဲ့ မြန်မာနိုင်ငံတွေမှာ ဖွဲ့စည်းပုံခုံရုံးတွေက ဖြေရှင်းဆုံးဖြတ်ကြပါတယ်။
ဒီနေရာမှာ သတိချပ်ဖို့က လွတ်လပ်တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကို ဖွဲ့စည်းပုံအရ တည်ထောင်ကြပေမယ့် အနည်းနဲ့ အများ လာဘ်ပေးမှု၊ အာဏာအသုံးချပြီး စွက်ဖက်မှုတွေက ကမ္ဘာ့နိုင်ငံအနှံ့အပြား ပေါ်ပေါက်နေတာဖြစ်တာကြောင့် ဖက်ဒရယ်စနစ်ရဲ့ အားနည်းချက်ဖြစ်သလို စိန်ခေါ်ချက်လည်း ဖြစ်နေပါတယ်။ ဒီမိုကရေစီကျင့်စဉ်တွေ၊ အစိုးရတွေရဲ့ ကိုယ်ကျင့်သိက္ခာတွေ ပျက်ပြားနေသမျှ ဒီစိန်ခေါ်ချက်တွေက ဖြစ်ပေါ်နေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကျင့်သိက္ခာရှိတဲ့ ဒီမိုကရေစီကျင့်စဉ်တွေကို အာမခံတဲ့အစိုးရဖြစ်ဖို့ မဲဆန္ဒရှင် ပြည်သူလူထုတွေက သေချာစိစစ် ရွေးချယ်ဖို့က အရေးကြီးပါတယ်။
အင်္ဂလန်နိုင်ငံ (UK) ဟာ ကမ္ဘာမှာ ဖက်ဒရယ်စနစ် မကျင့်သုံးတဲ့နိုင်ငံထဲမှာ ပါဝင်ပါတယ်။ UK ကို ဝေလ၊ မြောက်အိုင်ယာလန်၊ စကော့တလန်နဲ့ ဗြိတိန်တို့နဲ့ ဖွဲ့စည်းထားပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချထားခြင်း၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲရှိနေခြင်းကလွဲပြီး ဖက်ဒရယ်စနစ် မကျင့်သုံးပါဘူး။ ကမ္ဘာ့လူဦးရေ ၄၀ ရာခိုင်နှုန်းက ဖက်ဒရယ်နိုင်ငံတွေမှာ နေထိုင်ကြတယ်လို့ စစ်တမ်းတွေက ညွှန်းဆိုထားကြပေမယ့် ဖက်ဒရယ်စနစ်ပြီးပြည့်စုံတဲ့ နိုင်ငံကတော့ စစ်တမ်းတွေက ဖော်ပြဖို့ ခက်ခဲနေပါတယ်။ ဖက်ဒရယ်နိုင်ငံအသီးသီးဟာ စိန်ခေါ်ချက်တွေ အားနည်းချက်တွေနဲ့ ပြည့်နှက်နေဆဲပါ။
ကျား မ တန်းတူရေးနဲ့ မတူကွဲပြားမှုတွေ လက်မခံသေးသမျှ ကာလပတ်လုံး ဖက်ဒရယ်စနစ်က အသက်ဝင်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးအရ အမျိုးသမီးတွေရဲ့ပါဝင်ခွင့်က အရေးပါပါတယ်။ ကမ္ဘာ့ လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ပါဝင်မှု ကန့်သတ်ခံနေရရင် ကမ္ဘာ့ပြည်သူလူထုတဝက်ကျော်ကို ကိုယ်စားပြုမှုမရှိနိုင်တော့သလို ပြည်သူလူထုတရပ်လုံးဆန္ဒ ပါဝင်တယ်လို့လည်း ပြောဖို့ ခက်ခဲပါလိမ့်မယ်။
ဒါကြောင့် ဖက်ဒရယ်စနစ်မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရေးကြီးပါတယ်။ အမျိုးသမီးတွေကို ဘယ်လို ပါဝင်ခွင့်ပြုမလဲ။ ဒေသန္တရအုပ်ချုပ်ရေးဖြစ်တဲ့ ကျေးရွာအုပ်ချုပ်ရေးကနေ ပြည်နယ်အစိုးရ၊ ဗဟိုအစိုးရ(ပြည်ထောင်စုအစိုးရ)အထိ ပါဝင်ခွင့်ကို ဘယ်လို အကြောင်းပြချက်နဲ့မှ မကန့်သတ်ထားသင့်ပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ ဒီမိုကရေစီကျင့်စဉ်အရ လွတ်လပ်စွာ ရွေးကောက်ခံခွင့်ပေးထားရမယ် ဆိုတာကိုတော့ သတိပြုရပါမယ်။ မတူ ကွဲပြားမှုကိုလည်း အသိအမှတ်ပြုရပါတယ်။ အသားအရောင်၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ လိင်စိတ်ခံယူမှု စတဲ့ ဘယ်လိုကွဲပြားမှုတွေ ရှိနေပါစေ နိုင်ငံရေးအရ ကန့်သတ်မှုမရှိဘဲ အမျိုးသား၊ အမျိုးသမီးတွေ တန်းတူ နိုင်ငံရေးအရ၊ စီးပွားအရ၊ လူမှုရေးအရ ပါဝင်ခွင့်ပြုရပါမယ်။
ဖက်ဒရယ်စနစ်မှာ မဖြစ်မနေအရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကတော့ ဘဏ္ဍာရေးနဲ့ သယံဇာတခွဲဝေမှုပဲ ဖြစ်ပါတယ်။ ဘဏ္ဍာရေးနဲ့ပက်သက်ရင် ဝင်ငွေနဲ့ အသုံးစရိတ်၊ အစိုးရ အချင်းချင်းကြား လွှဲပြောင်းငွေ(ချေးငွေ)တွေကို ပြည်ထောင်စုအစိုးရ(ဗဟိုအစိုးရ)က ဘယ်လိုခွဲဝေမလဲဆိုတာ အင်မတန်အရေးကြီးပါတယ်။ အသေးစိတ် ရှင်းပြဖို့ဆိုရင် စာတမ်းတစောင်၊ ကျမ်းတခုအဖြစ် ရေးသားရမှာဖြစ်လို့ အကျဉ်းချုံးပဲ ပြောပါမယ်။ ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ)အနေနဲ့ ဘဏ္ဍာရေးအရ လုပ်ပိုင်ခွင့်အာဏာ၊ တစ်ဦးချင်း ဝင်ငွေခွန်၊ အရောင်းခွန်၊ ပို့ဆောင်ရေးခွန်၊ မြေခွန် ယာခွန်၊ လမ်း ခွန်အိမ်ခွန်တွေကို စနစ်တကျ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းရမည်ဖြစ်ပြီး ဘယ်အခွန်တွေကို ပြည်ထောင်စုအဆင့်က စည်းကြပ်ရမလဲ၊ ဘယ်အခွန်ကို ပြည်နယ်အဆင့်က စည်းကြပ်ရမလဲ၊ ဘယ်အခွန်ကို ဒေသန္တရအဆင့် စည်းကြပ်စီမံရမလဲဆိုတာ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းပြီး ခွဲဝေရမှာဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရ(ဗဟိုအစိုးရ)အနေနဲ့ နိုင်ငံလုံးဆိုင်ရာ အသုံးစရိတ်၊ ပြည်နယ်အစိုးရအသုံးစရိတ်၊ ဒေသန္တရအဆင့် အသုံးစရိတ်တွေကို စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။ ပြည်နယ်အသီးသီးကို ပြည်ထောင်စုအစိုးရက သင့်တော်သော ဘဏ္ဍာရေးလွှဲပြောင်းပေးရမှာဖြစ်ပြီး လိုအပ်တဲ့ ပြည်နယ်တွေကို ပြည်ထောင်စုအစိုးရက ပိုလျှံသောဘဏ္ဍာအဖြစ် စီးဆင်းပေးရမှာ ဖြစ်ပါတယ်။ ဥပမာ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ ပြည်နယ်တွေကို ပိုမိုသော ဘဏ္ဍာငွေစီးဆင်းပေးရမှာပဲ ဖြစ်ပါတယ်။
ဘဏ္ဍာရေးစီးဆင်းမှုနဲ့ ပတ်သက်ပြီး အကြမ်းဖျင်းအားဖြင့် ၅ မျိုးတွေ့ရှိရပါတယ်။
(၁)ဒေါင်လိုက်ဘဏ္ဍာရေးကွာဟချက် စီးဆင်းခြင်း
(၂) အမျိုးသားအဆင့် သတ်မှတ်စံနှုန်းထားရှိခြင်း
(၃) ဘဏ္ဍာရေးဆိုင်ရာ ညီမျှသော လွှဲပြောင်းမှု
(၄) အသုံးစရိတ်လိုအပ်ချက်အရလွှဲပြောင်းမှု
(၅) ဘဏ္ဍာရေးစွမ်းဆောင်ရည် တိုင်းတာစစ်ဆေးမှုတို့ပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်မှာ ဘဏ္ဍာစီးဆင်းမှုအကြောင်း ပြောပြီးရင် မဖြစ်မနေ ပြောရမယ့်အချက်က သဘာဝရင်းမြစ် မျှဝေစီးဆင်းခြင်းပဲ ဖြစ်ပါတယ်။ သဘာဝရင်းမြစ်မျှဝေစီးဆင်းမှုကို အကြမ်းဖျင်းအားဖြင့် ၃ မျိုး တွေ့ရှိရပါတယ်။
၁။ သဘာဝရင်းမြစ်အခွန်ကို သဘာဝရင်းမြစ်အခွန်အဖြစ် မခံစားဘဲ စုပေါင်းမျှဝေခြင်း (ဥပမာ အယ်လ်ဂျီးရီးယား၊ ချီလီ၊ နော်ဝေ)
၂။ အခွန်ငွေ ၂ မျိုး သတ်မှတ်ပြီး လိုအပ်သောနေရာသို့ သီးခြားစွာခွဲဝေခြင်း (ဥပမာ အန်ဂိုလာ၊ ဘူဂေးဗီးယား၊ ဘရာဇီး၊ ချက်၊ တရုတ်၊ ကိုလံဘီယာ၊ အီသီရိုပီးယား)
၃။ လူဦးရေအရ၊ အဆင်းရဲမှုအဆင့် သတ်မှတ်ချက်အရ မျှဝေခြင်း (ဥပမာ မွန်ဂိုလီးယား၊ မက္ကဆီကို၊ ယူဂန်ဒါ၊ အီကွေဒေါ) တို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိချပ်ရမှာက နိုင်ငံတစ်ခုချင်းစီက မတူကွဲပြားတဲ့ နိုင်ငံရေးစနစ်နဲ့ စီးပွားရေးပေါ်လစီအရ ကျင့်သုံးတာကို သတိပြုရမှာပဲဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်အကြောင်း ပြောရင် ချန်လှပ်ထားခြင်းခံရတဲ့ အပိုင်းကတော့ ဒေသန္တရအုပ်ချုပ်ရေးပဲ ဖြစ်ပါတယ်။ ဒေသန္တရအုပ်ချုပ်ရေးက ဖက်ဒရယ်စနစ်မှာ အရေးပါပါတယ်။ နားလည်အောင် ရှင်းလင်းအောင်ပြောရရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ တိုင်းများ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ ပြည်နယ်များရဲ့ အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။
ဒေသန္တရအုပ်ချုပ်ရေး ဘာလို့ အရေးကြီးသလဲ။ ဒေသန္တရအုပ်ချုပ်ရေးက ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်မှာ အောက်ခြေပြည်သူလူထုနဲ့ နေ့စဉ်ထိတွေ့နေရလို့ပဲ ဖြစ်ပါတယ်။
ပြဿနာရပ်တွေ ဖြေရှင်းတဲ့နေရာမှာ အောက်ခြေပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု မပါဝင်ဘဲ ဖြေရှင်းလို့ ရနိုင်မှာ မဟုတ်လို့ အင်မတန်အရေးကြီးပါတယ်။ ပြည်သူလူထုတွေအနေနဲ့လည်း ထိတွေ့ဆက်ဆံဖို့ အလွယ်ကူဆုံးအလွှာဖြစ်ပြီး နိုင်ငံရဲ့တတိယအစိုးရအလွှာလို့လည်း ပြောလို့ ရပါတယ်။
ပြည်သူလူထုဟာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို နေ့စဉ် ထိတွေ့နိုင်မှာ ဖြစ်ပြီး ပြဿနာရပ်တွေကို အတူတကွ ဖြေရှင်းနိုင်သလို တာဝန်ယူမှု၊ တာဝန်ခံမှု ပျက်ကွက်ခဲ့ရင် ဖိအားပေး တွန်းအားပေးနိုင်တဲ့ အလွှာပဲ ဖြစ်ပါတယ်။
ဒေသန္တရအုပ်ချုပ်ရေးကို ဖွဲ့စည်းပုံအရ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံဖို့ အာမခံချက် ပေးထားရပါမယ်။ ပြည်သူလူထုကိုယ်တိုင် ရွေးချယ်ခွင့်ရှိရမှာ ဖြစ်သလို အရွေးခံခွင့်လည်း ရှိရပါမယ်။ ပြည်ထောင်စုအစိုးရကဖြစ်စေ၊ ပြည်နယ်အစိုးရကဖြစ်စေ တိုက်ရိုက်ခန့်အပ်တဲ့စနစ် မဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ဆိုလိုတာက မိုးကျရွှေကိုယ် ဒေသန္တရအုပ်ချုပ်ရေးစနစ် မဖြစ်ဖို့ သတိချပ်ကြရမှာပဲ ဖြစ်ပါတယ်။
ဒေသန္တရအုပ်ချုပ်ရေး ဆိုတာက ရှင်းလင်းအောင် လွယ်လွယ်ပြောရရင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနဲ့ အမျိုးသမီး၊ မတူကွဲပြားတဲ့ အသားအရောင်၊ လူမျိုး၊ လိင်စိတ်ခံယူမှု ကွဲပြားသူတွေ ဒေသန္တရအဆင့်မှာ ပါဝင်ခွင့်ရှိဖို့ အာမခံချက်ပေးရမှာ ဖြစ်ပြီး ပြည်ထောင်စုအဆင့်အထိ အကျုံးဝင်စေဖို့ပဲ ဖြစ်ပါတယ်။
ဒေသန္တရအစိုးရတွေက တချို့သောအခွန်တွေကောက်ခံခွင့်ကို ပြည်နယ်အစိုးရတွေက ခွင့်ပြုပေးထားရမှာ ဖြစ်ပြီး နိုင်ငံဖွဲ့စည်းပုံမှာလည်း အတိအလင်း အာမခံချက်ပေးထားရပါမယ်။ ဥပမာ- မြေခွန်ယာခွန်၊ လမ်း တံတားခွန်နဲ့ ခရီးသွားဝန်ဆောင်မှုတို့လည်း ပါဝင်စေရပါမယ်။ ပြည်သူလူထုအနေနဲ့ ဒေသန္တရအစိုးရတွေကို ရွေးချယ်ခွင့်၊ အရွေးကောက်ခံပိုင်ခွင့်နဲ့ တာဝန်ယူမှု ပျက်ကွက်ခဲ့ပါက ဖြုတ်ချပိုင်ခွင့် ရှိရပါမယ်။
ဒေသန္တရအစိုးရတွေအနေနဲ့ မတူကွဲပြားတဲ့ လူမျိုးတွေရဲ့ ဓလေ့ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းတွေကို ကျင့်သုံးခွင့်၊ ကျောင်းသင်ရိုးညွှန်းမှာ ပြဋ္ဌာန်းခွင့်တွေရှိရပါမယ်။ ပြည်နယ်အစိုးရတွေကလည်း အာမခံပေးရမှာဖြစ်သလို ပြည်ထောင်စုအစိုးရကလည်း အသိအမှတ်ပြုပေးရပါမယ်။ ဆိုလိုတာက မတူကွဲပြားတဲ့ အမျိုးသားယဉ်ကျေးမှု ဝတ်စားဆင်ယင်မှု၊ အမျိုးသားနေ့တွေကိုလည်း ရုံးပိတ်ရက်တွေအဖြစ် သတ်မှတ်ပေးရပါမယ်။ လူမျိုးတိုင်းရဲ့ အမျိုးသားခေါင်းဆောင်တွေကို စာအုပ်စာတမ်းတွေအဖြစ် ထုတ်ဝေဖြန့်ချိခွင့်ပေးရပါမယ်။ အမျိုးသားခေါင်းဆောင်သမိုင်းဆိုရင် လူမျိုးကြီးတွေရဲ့ အမျိုးသားခေါင်းဆောင်တွေကိုပဲ ဖော်ပြပေးနေကြပြီး လူမျိုးငယ်တွေရဲ့ အမျိုးသားသမိုင်း၊ အမျိုးသားခေါင်းဆောင်တွေကို အမြဲချန်လှပ်ထားခြင်းခံရတာကို သတိချပ်ရမှာပဲ ဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေကို ဝေမျှသွားတာပဲ ဖြစ်ပါတယ်။ အထက်မှာ ပြောသွားတဲ့ အချက်အလက်တွေ ပြည့်စုံမှ ဖက်ဒရယ်စနစ် ခေါ်ရမှာပါလို့ မေးခွန်းထုတ်စရာ ရှိနေပါတယ်။ ဖက်ဒရယ်နိုင်ငံအသီးသီးဟာ နိုင်ငံတိုင်းရဲ့ ထူးခြားတဲ့လက္ခဏာရပ်တွေနဲ့ စီမံပြီး ဖက်ဒရယ်စနစ်ကို ရုပ်လုံးဖော်နေကြတာပဲ ဖြစ်ပါတယ်။
တချို့နိုင်ငံတွေက စိန်ခေါ်ချက်တွေ၊ အားနည်းချက်တွေကို ဖြေရှင်းနိုင်ပြီး ပြည့်စုံတဲ့ ဖက်ဒရယ်စနစ် မဟုတ်သည့်တိုင်အောင် ရှေ့သို့အလျင်နဲ့ ချီတက်နေကြသလို တချို့နိုင်ငံတွေက စိန်ခေါ်ချက်တွေကို မဖြေရှင်းနိုင်ရုံမက ဗဟိုချုပ်ကိုင်မှု မလျှော့ချနိုင်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ နိုင်ငံရေးအရ လွှမ်းမိုးချုပ်ကိုင်မှုတွေကြောင့် အာဏာရှင်ဆန်တဲ့နိုင်ငံတွေအဖြစ် နောက်ကို ပြန်ရောက်ရှိသွားတာကိုလည်း တွေ့ရပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ၊ တော်လှန်ရေးတွေရဲ့ အဖြေက တန်းတူရေး၊ မျှတရေး၊ အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေး မညီမျှမှုတွေကြောင့် အုပ်စိုးသူအစိုးရတွေကို တော်လှန်ပုန်ကန်ကြခြင်း ဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်က ဒီပဋိပက္ခ၊ တော်လှန်ရေးတွေကနေ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းဖို့ နည်းနာတစ်ခု ဖြစ်တယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။
တကယ့်လက်တွေ့မှာတော့ အုပ်စိုးသူ အာဏာရှင်အစိုးရတွေက သဘောထားပြောင်းလဲမှု မရှိဘဲ ဘယ်လို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးက ခရီးရောက်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဖက်ဒရယ်စနစ်ကို ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ပြဋ္ဌာန်းထားပေမယ့် အုပ်စိုးသူ အစိုးရတွေဘက်က စိတ်နေသဘောထား မပြောင်းလဲသမျှ ကာလပတ်လုံး တွန်းလှန်တော်လှန်ခြင်းတွေကနေပဲ အဖြေရှာကြလိမ့်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
အိုက်နီ(ဖြူး)