ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ထွက်တဲ့ လမ်းခွဲတွေအားလုံးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေပြီး ကံကြီးကျေးရွာမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်က ကံကြီး ဆရာတော်အပါအဝင် ပြည်သူတချို့ကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်း ပြုလုပ်လာတယ်လို့ မင်းတပ်မြို့ခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ မင်းတပ်- ကျောက်ထု - ပခုက္ကူလမ်း၊ ညောင်ပင်ကွေ့၊ ထင်ချောင်းလမ်းခွဲ၊ ရေရှင်လမ်းခွဲ၊ ကံကြီးကျေးရွာတွေမှာစစ်ကောင်စီတပ်က စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။
နေ့လယ် ၁ နာရီဝန်းကျင်မှာ ဆောမြို့နယ် ကံကြီးကျေးရွာကိုရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက ကားလမ်းအတိုင်း မင်းတပ်ဘက်ကို ခြေလျင်ချီတက်လာပြီး တခြားဖမ်းဆီးထားသူတွေအပါအဝင် ကံကြီးဆရာတော်ကိုပါ ဖမ်းဆီးခေါ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့လူတွေကို စစ်ချီသွားလမ်းတလျှောက်မှာ ရှေ့ဆုံးကသွားခိုင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ကားတွေနဲ့ နောက်က တဖြည်းဖြည်း ချီတက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနက် ၉နာရီ ၅၀ ဝန်းကျင်လောက်မှာ စောစောက ကျနော်ပြောခဲ့တဲ့ လမ်းတွေမှာ စစ်ဆေးတယ်၊ ပြီးတော့ ဖမ်းဆီးတယ်ပေါ့။ ကံကြီးဆရာတော်ကိုပါ သူတို့စစ်ကြောင်းထဲမှာ ဖမ်းခေါ်လာတယ် သတင်းရတယ်။ အခြားဖမ်းဆီးခံရသူတွေလည်း ရှိတာပေါ့၊ အရေအတွက်ကိုတော့ အတိအကျမပြောနိုင်သေးဘူး။ သူတို့စစ်ကြောင်းရှေ့က လမ်းလျှောက်ခိုင်းပြီးတော့ လက်နက်ကြီးတွေနဲ့ထု လမ်းရှင်းခိုင်းတာတွေ လုပ်နေတယ်လို့ သတင်းရထားတယ်” လို့ မင်းတပ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နေ့လယ် ၂ နာရီ မှာတော့ စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ် ထင်ချောင်းလမ်းခွဲတဝိုက်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့ မနက်ပိုင်းက မင်းတပ်-မတူပီလမ်း မိုင် ၇၀ မှာရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဘုရားကျောင်းအတွင်းက ထိုင်ခုံတွေနဲ့ ပြည်သူတွေရဲ့ နေအိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူပြီး ကားပေါ်တင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့က ကံကြီးကျေးရွာဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီတပ် ကား ၄ စီး ဝင်ရောက်လာပြီး ဆန်နဲ့ ပစ္စည်းတချို့ကို တင်ဆောင်ပြီးနောက် အမြောက်တပ်ထဲကို တင်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမြောက်တပ်က နောက်ထပ် ကား ၄ စီးထပ်မံရောက်ရှိလာပြီး ဘုန်းကြီးကိုလည်း စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ပြီး ကျောင်းကြမ်းပြင်တွေကို လှန်ခွာကာ ကျောင်းတစ်ခုလုံး ရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ကံကြီးကျေးရွာထဲက နေအိမ် ၄ လုံးကိုလည်း ဖောက်ထွင်းခိုးယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံကြီးကျေးရွာဆရာတော် အပါအဝင် ပြည်သူအချို့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ဆက်လက်စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။