ရုရှားနိုင်ငံကနေ Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး ၅၁၂,၀၀၀ ဒုတိယအသုတ်အနေနဲ့ ထပ်မံရောက်ရှိလာတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကတော့ ပထမအသုတ်အနေနဲ့ ကာကွယ်ဆေး ၄၈၈,၀၀၀ ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရုရှားနိုင်ငံကနေ အဆိုပါ Sputnik Light ကိုဗစ်-၁၉ ကာ ကွယ်ဆေး ၆ သိန်း ဝယ်ယူထားခဲ့ပြီး ရုရှားက လှူဒါန်းတဲ့ ကာကွယ်ဆေး ၄ သိန်းနဲ့ စုစုပေါင်း ကာကွယ်ဆေး ၁ သန်း မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ရုရှားနိုင်ငံထုတ် Sputnik Light ကာကွယ်ဆေးတွေဟာ လူတယောက်ကို တစ်ကြိမ်သာ ထိုးနှံပေးဖို့ လိုအပ်ပြီး မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ပိုမိုလျင်မြန်စွာ လွှမ်းခြုံနိုင်ရေးအတွက် များစွာအထောက်အကူပြုမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လတ်တလော မြန်မာပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မယ်လို့ ပြောထားတာပါ။
လတ်တလောအချိန်ထိ တိုင်းဒေသကြီး နဲ့ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးနှံပေးနေပြီး ဇန်နဝါရီ ၁၅ ရက်အထိ ကာကွယ်ဆေး ၁ ကြိမ် ထိုးနှံပြီးသူ ၃ ဒသမ ၈ သန်းကျော်၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ ၁၇ ဒသမ ၅၅ သန်းကျော်နဲ့ စုစုပေါင်း ၂၁ ဒသမ ၃၆ သန်းကျော်ရှိခဲ့ပြီလို့ ဖော်ပြထားပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့တော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဝယ်ယူခြင်းမှ ၄၅ သန်းနဲ့ လှူဒါန်းမှုမှ ၁၄ ဒသမ ၁ သန်း၊ စုစုပေါင်း ၅၉ ဒသမ ၁ သန်းလောက် ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။