ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ထော်လီကွေ့မှတ်တိုင်အနီးမှာရှိတဲ့ ထူးဓာတ်ဆီဆိုင်ဟာ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းမှာ ဗုံးဖောက်ခွဲခံခဲ့ရပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် တစ်ဆိုင်လုံးနီးပါးပြာကျခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ဆက်စပ်ပြီး အကျိုးတူစီးပွားလုပ်ကိုင်နေတဲ့ ဦးတေဇပိုင်တဲ့ ဆိုင်ဖြစ်လို့ ဒီလို ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့တာလို့လည်း Special Task Agency of Burma - STA အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“မနက် ၄ နာရီခန့်လောက်မှာ အလုံမြို့နယ်၊ ထော်လီကွေ့ မှတ်တိုင်အနီး ထူးဓာတ်ဆီဆိုင်မှာ ဗုံးပေါက်ပြီး မီးလောင်တာပါ။ မီးကတဖြည်းဖြည်း များလာတာရော ဆီဆိုင်ဖြစ်တာကြောင့် ဆီနဲ့ ထိတွေ့ပြီး မီးလောင်ပေါက်ကွဲမှု ပြင်းထန်တာထင်တယ်။ နာရီဝက်ကျော်လောက်မှာ မီးကို ထိန်းနိုင်ပြီး ၅ နာရီဝန်းကျင်မှာ မီးလုံးဝငြိမ်းသွားတယ်။ ဗုံးက ဆီနဲ့မထိခင် ဘေးကအဆောက်အအုံကို ထိပြီး ပေါက်ကွဲတာဖြစ်ပြီး မီးကူးစက်လောင်တာ။ ဓာတ်ဆီနဲ့ ထိပြီး အကြီးအကျယ် မပေါက်ကွဲသေးတော့ ဝန်ထမ်းတွေ အချိန်မီ ပြေးလို့လွတ်သွားတယ်” လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။