မကွေးတိုင်း၊ ကံမမြို့နယ်၊ ကြို့ပင်တိုက်နယ်မှာ အန်အယ်လ်ဒီပါတီကို ဝန်းရံခဲ့တဲ့ အရပ်သား ပြည်သူ အမျိုးသမီးနဲ့ အမျိုးသား စုစုပေါင်း ၆ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။
ဇန်နဝါရီ ၁၄ ရက်နေ့က ၃ ယောက်၊ ၁၅ ရက်နေ့မှာ ၃ ယောက်၊ စုစုပေါင်း ၆ ယောက်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ နေအိမ်တွေကနေ လာရောက်ဖမ်းဆီးသွားတာလို့ မိသားစုဝင်တွေထံက သိရပါတယ်။
မနေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပုသိမ်- မုံရွာကားလမ်းပေါ်ရှိ ကြို့ပင်ကျေးရွာသားတွေဖြစ်တဲ့ ကြို့ပင်ကားဂိတ်အနီး ရွှေပန်းထိမ်လုပ်ငန်းလုပ်တဲ့ မမေလေး၊ ကားဂိတ်မှာ ကွမ်းယာရောင်းတဲ့ ကိုဝဏ္ဏ၊ လိုင်းကားဆွဲသူ ကိုမျိုးဇော်အောင်တို့ကို PDF ထောက်ပံ့ကူညီမှုစွပ်စွဲချက်နဲ့ ဖမ်းဆီးသွားပါတယ်။
ဒီကနေ့မှာလည်း ရွှေဧရာ ဆောက်လုပ်ရေးပစ္စည်းဆိုင်က မဌေးဌေးဝင်း၊ ကောင်းသစ်စံ စားသောက်ဆိုင်က ကိုဇော်ကြီးနဲ့ ကြို့ပင်ဈေးတန်းက ကိုဇော်လေးတို့ကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ကြို့ပင်ကျေးရွာသားတယောက်က “စစ်တပ်က NLD နဲ့ပတ်သက်တဲ့လူတွေကို PDF ထောက်ပံ့တယ်ဆိုပြီး လိုက်ဖမ်းနေကြတာ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်က ကြို့ပင်အုပ်ချုပ်ရေးမှူးအိမ် ဗုံးပေါက်ကွဲမှုဖြစ်ပြီး သံသယနဲ့ ဖမ်းဆီးခံထားရသူတွေ မလွတ်မြောက်သေးဘူး” လို့ ပြောပါတယ်။
မနေ့က စစ်ကောင်စီတပ်တွေ ရွာထဲဝင်ဖမ်းစဉ် တောတွေထဲကို တိမ်းရှောင်နေသူတွေလည်းရှိပြီး သူတို့ တိမ်းရှောင်နေတဲ့စခန်းကိုလည်း စစ်ကောင်စီတပ်က မနေ့ကပဲ ဝင်ရောက် ပစ်ခတ်ခဲ့လို့ ၂ ယောက် သေဆုံးကာ ရွာသားအများစုက ထွက်ပြေးလွတ်မြောက်သွားပြီး နေရာပြောင်းကာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။