တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသတွင်း PDF တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် စစ်ဘေးရှောင်အရေအတွက် နေ့စဉ်တိုးပွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၀ ရက် ဝန်းကျင်ကစပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ တနင်္သာရီမြို့နယ်အတွင်းက ကျေးရွာ ၁၀ ရွာဝန်းကျင်က ဒေသခံ စစ်ဘေးရှောင်ဦးရေ ၅၀၀ ကျော်အထိ ရှိလာနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။
စစ်ဘေးရှောင်တွေအနေနဲ့ ဒေသတွင်းမှာ စစ်ဘေးရှောင်စခန်းတွေမရှိတဲ့အတွက် နီးစပ်ရာ ဆွေမျိုးတွေနဲ့ စစ်ဘေးလွတ်ရာ ဥယျာဉ်ခြံတွေအပြင် မြို့ပေါ်တွေကိုပါတက်ပြီး ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်သားတွေအနေနဲ့ ဒေသခံတွေကိုဖမ်းဆီးပြီး လူသားတံတိုင်းအသုံးပြုကာ တောထဲမှာရှိတဲ့ PDF တွေကိုရှာဖွေနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။