ရှမ်းပြည်နယ် မုံးကိုးမြို့နယ်ခွဲ ဝိန်းဆိုင်ကျေးရွာအုပ်စု စမာရွာ၊ ဟူဘန်ရွာ နဲ့ နောင်ဟိန့်ရွာတို့ဘက် စစ်ကောင်စီ နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၂၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေခံတွေဆီက သိရပါတယ်။
"ဒီနေ့ ထပ်တိုးတာ စမာရွာနဲ့ ဟူဘန်ရွာရွာ ၂ ရွာက။ ရွာခံတွေအကုန်လုံးတော့ မရောက်လာနိုင်သေးဘူး။ ကလေးငယ်ရှိတဲ့သူတွေ အရင်ရှောင်လာကြတာ။ လွယ်ဆာရွာက အိမ်ထောင်စု ၁၅ စု၊ စာရင်းတွေက မချုပ်ရသေးတော့ မသိရသေးဘူး။ လူဦးရေ အားလုံးက ရွာ ၄ ရွာက ၂၀၀ နီးပါး ရှိပြီ" လို့ စာရင်းပြုစုနေသူတဦးက ပြောပါတယ်။
ဟူဘန်ရွာနဲ့ စမာရွာကြားမှာ ဇန်နဝါရီ ၁၃ ရက်နေ့က စစ်ကောင်စီနဲ့ KIA တို့ အကြား မိနစ်အနည်းငယ် တိုက်ဖြစ်ပွားခဲ့တယ်လို့ ရွာခံတဦးက ပြောပါတယ်။
"ဒီနေ့တော့ ခဏပဲ။ ၁ နာရီ နဲ့ ၂ နာရီ ကြား။ အဲရွာက လူတွေ ဒီနေ့ ညနေပိုင်း ပြန်ရှောင် လာနိုင်ခဲ့တယ်။ တချို့က မရောက်လာနိုင်သေးဘူး။ ရွာမှာ ပြန်နေနေကြတယ်။"
ထွက်ပြေး တိမ်းရှောင်လာတဲ့ ရွာခံအချို့ နှစ်ဘက်ပစ်ခတ်နေတဲ့ ကြားနေရာ ရောက်နေကြောင်း ထွက်ပြေးလာသူတဦးက ပြောပါတယ်။
"ဆက်တိုက် အသံကြားနေတာ။ စစ်ကောင်စီ ဘက်က အသံသိပ် မကြားရတော့ဘူး။ KIA ဘက်က ပိုကြားနေရတယ်။ အနီးကပ်ကို ဖြစ်သွားတာ။ ကျနော်တို့ နားလေးတင် ဖြစ်လာလို့တောင် ပြေးလာတာ။ ထွက်ပြေးလာတဲ့ သူတွေက ဟူဘန်ရွာက လူတွေ ဖြစ်မယ်။ စမာရွာက ရှောင်တာ များနေတယ်။ အောက်မှာ လာရှောင်နေကြတယ်။"
ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းကစ ည ၈ နာရီခွဲလောက်အထိ လွယ်ဆာရွာဘက်မှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာခံအချို့ ဝိန်းဆိုင်ရွာထဲ ထွက်းပြေး လာနိုင်ခဲ့ပေမယ့် တချို့က ပိတ်မိခဲ့ပြီး ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့ခင်းပိုင်းမှ ပြန်ထွက်လာ နိုင်ခဲ့တယ်လို့ ရှောင်တိမ်းလာသူတဦးက ပြောပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့ ညနေ ၃ နာရီလောက်ကနေ ညပိုင်းအထိ နောင်ဟိန့် ရွာဘက် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် အဲဒီရွာက ပြည်သူတွေလည်း ရွာလုံးကျွတ် ဝိန်းဆိာင်ရွာကို ထွက်ပြေးလာခဲ့ကြတာပါ။
တိုက်က်ပွဲဖြစ်နေတဲ့အချိန် ထွက်ပြေးလာရလို့ ဘာမှမယူခဲ့ရတာကြောင့် ခိုလှုံဖို့နေရာ အဆင်ပြေပေမယ့် စားနပ်ရိက္ခာ၊ ဆပ်ပြာ၊ သွားတိုက်တံတွေလို အသုံးအဆောင်ပစ္စည်းတွေ လိုအပ်လာနေတယ်လို့ တိမ်းရှောင်လာသူတွေက ပြောပါတယ်။