စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ်အတွင်းက မြို့နယ်တွေမှာ စက်သုံးဆီဈေးတွေ အဆမတန်မြင့်တက်နေပါတယ်။
ပြည်နယ်မြို့တော်လွိုင်ကော်မြို့တွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တာကြောင့် အလွှာအသီးသီးက ဒေသခံပြည်သူလုထု အများစုဟာ မြို့ရွာနဲ့ အိုးအိမ်တွေကို စွန့်ခွာသွားပြီးနောက်ပိုင်း စက်သုံးဆီဈေးတွေ အဆမတန်မြင့်တက်နေတာပါ။
"လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့ကဈေးသည်တွေ၊ ဆီဆိုင်ပိုင်ရှင်တွေ၊ ကုန်သည်တွေ၊ ပွဲစားတွေ သာမန်ပြည်သူတွေ အားလုံးနီးပါး မြို့ကိုစွန့်ခွာသွားကြပြီ။ အဓိက ဆီဈေးနှစ်ဆတက်သွားတာပဲ။ ဆီရောင်းတဲ့ဆိုင်တွေက အရဲစွန့်ပြီးရောင်းနေရတယ်"လို့မြို့မှာ ကျန်ရစ်နေခဲ့တဲ့ ပြည်သူတွေက ပြောပါတယ်။
လက်ရှိ ဒီးမော့ဆိုမြို့မှာ ဓာတ်ဆီတစ်ဂါလံပေါက်ဈေးဟာ တစ်သောင်းကျပ်အထိရှိနေပါတယ်။ တချို့ဆိုင်တွေဆိုရင် အဝင်ဆီပြတ်သွားတာကြောင့် ပြန်ရောင်းစရာမရှိတော့လို့ ပိတ်ထားရတာတွေ ရှိပါတယ်။
"ဖွင့်ထားတဲ့ ဆီဆိုင်တွေမှာ သွားဝယ်ရင် တစ်လီတာ နှစ်ထောင့်ငါးရာပေးဝယ်ရတယ်။ တစ်ဂါလံဆို တစ်သောင်းဖြစ်သွားတာပေါ့။ ဒါတောင် တချို့ဆိုင်တွေ အဝင်ဆီမရှိတော့လို့ ဆီကုန်ပြီလို့ ဆိုင်းဘုတ်ချိတ်ပြီး ပိတ်ထားရတယ်"လို့ မြို့ကိုမစွန့်ဘဲ ကျန်နေခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့တော်လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့က ပြည်သူ တစ်သိန်းဝန်းကျင်ဟာ မြို့ရွာနဲ့ အိုးအိမ်ကို စွန့်ခွာပြီး စစ်ဘေးတိမ်း ရှောင်နေရပါတယ်။