စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဇန်နဝါရီလဆန်းပိုင်းကစတင်ကာ ဧရာဝတီတိုင်းအတွင်းက လယ်သမားတွေ စိုက်ဘဏ်ချေးငွေပြန်မဆပ်ပါက လယ်သိမ်းယူတာတွေ ပြုလုပ်သွားမယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။
စိုက်ဘဏ်ချေးငွေပြန်မဆပ်ပါက လယ်သိမ်းမယ်ဆိုတဲ့အကြောင်းကို သက်ဆိုင်ရာမြို့နယ်အလိုက် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လယ်သမားတွေကို ခေါ်ယူပြီး ပြောဆိုခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။
ပုသိမ်မြို့ခံ လယ်သမားတဦးက “ဘဏ်မန်နေဂျာကတဆင့် ပြောခိုင်းလိုက်တာလို့တော့ ပြောတယ်။ ချေးငွေပြန်မဆပ်လို့ မင်းတို့လယ်မြေ ပုံစံ ၇ တွေ သိမ်းလိုက်ရင် မင်းတို့လယ်တွေက နိုင်ငံတော်ပိုင်ဖြစ်သွားမယ်ဆိုပြီးပြောတာ” လို့ ပြောပါတယ်။
စိုက်ပျိုးရေးဘဏ်က တစ်နှစ်ကို စိုက်ပျိုးရေးစရိတ် ၂ ကြိမ်ထုတ်ချေးလေ့ရှိပြီး လယ်သမားတွေက ချေးငွေရရှိဖို့အတွက် ပုံစံ ၇ ကို ဘဏ်မှာ အပေါင်သဘောမျိုးထားပြီး ချေးယူရလေ့ရှိတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်ယာသုံးသွင်းအားစုတွေ ၂ ဆကျော်ဈေးနှုန်းမြင့်တက်ခဲ့တာကြောင့် ဧရာဝတီတိုင်းအတွင်းက လယ်သမားအချို့ စပါးဈေးကောင်းပေမယ့် အရှုံးပေါ်ပြီး ချေးငွေပြန်မဆပ်နိုင်သေးတဲ့ တောင်သူတွေများတယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောဆိုပါတယ်။