မွန်ပြည်နယ် ရေးမြို့ ပြည်သူ့ရင်ပြင်ကွင်းမှာ ဇန်နဝါရီ ၁၁ ရက်နေ့က တရက်တည်း ဗုံးနှစ်ကြိမ် ပေါက်ကွဲခဲ့တာကြောင့် မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
မနက် ၇ နာရီအချိန်က Hand speaker နဲ့ သံချပ်တွေ အသံသွင်းကာ လူမဲ့သပိတ်တခု ပြုလုပ်ခဲ့အပြီးမှာ ပြည်သူ့ရင်ပြင်ကနေ ဗုံးပေါက်သံက ပတ်ဝန်းကျင်တခုလုံးကို လွှမ်းခြုံသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ည ၁၀ နာရီလောက် လူတွေ အိပ်ချိန်ကလည်း အဆိုပါ ပြည်သူ့ရင်ပြင်ကွင်းမှာပဲ ဗုံးပေါက်ကွဲသံ ထပ်မံကြားရတာကြောင့် စိုးရိမ်ထိတ်လန့်နေကြတာလို့ မြို့ခံတဦးက ပြောပါတယ်။
လူမဲ့သပိတ် Hand Speaker ကနေ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒဖော်ထုတ်ခဲ့ကြတာလို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသူ မရှိပေမယ့် ဗုံးသံတွေ နေ့ညပါ ကြားနေရတာကြောင့် မြို့နေပြည်သူတွေ အကြောက်တရားနဲ့ နေနေကြရတယ်လို့ ဆိုပါတယ်။
ပြည်သူ့ရင်ပြင်ကွင်းမှာ ၂ ကြိမ် ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သွားတယ်ဆိုတာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။
စစ်အာဏာသိမ်းပြီးကတည်းက ရေးမြို့မှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။