မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စစ်ကောင်စီဩဇာခံ ဌာနဆိုင်ရာရုံး အားလုံးကို ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျိုက်ထို တော်လှန်ရေးအင်အားစု KRF က နောက်ဆုံးအကြိမ် သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီယန္တရား လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးနေတဲ့ ထွေအုပ်၊ စည်ပင်၊ မြေစာရင်း၊ တရားရုံးတွေကအစ ဌာနဆိုင်ရာရုံးအားလုံးကို စစ်ရေးပစ်မှတ် သတ်မှတ်ပြီး တိုက်ခိုက်သွားမယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစု တာဝန်ရှိသူ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးပစ်မှတ် သတ်မှတ်ထားတဲ့ ဌာနဆိုင်ရာရုံး အားလုံးသို့ သွားလာတာနဲ့ Non CDM ဝန်ထမ်းတွေနဲ့ ဆက်ဆံတာတွေ အထူးရှောင်ရှားကြဖို့နဲ့ ဖြစ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့ ကျိုက်ထို တော်လှန်ရေးအင်အားစုက သတိပေးထားတာ ဖြစ်ပါတယ်။
Non CDM ဝန်ထမ်းတွေဟာ စစ်အာဏာရှင်လက်အောက်မှာ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး မိမိတို့ ကောင်းစားရေးအတွက် အခွန်အခတွေကို အတင်းအကျပ် ကောက်ခံတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်က မြို့နယ်လျှပ်စစ်မီတာကောက်ခံရေးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ဝန်ထမ်း ၄ ဦး ဒဏ်ရာရရှိခဲ့တာပါ။ အဲဒီဗုံးပေါက်ကွဲမှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ထားပါတယ်။