ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေ ကျူးကျော်ဝင်ရောက်ချိန် ဖမ်းဆီးခံခဲ့ရတဲ့ ဧရာဝတီတိုင်းက ပြည်သူ ၁၅ ယောက်ကို ဇန်နဝါရီ ၁၀ ရက်က မြဝတီတရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
မြဝတီတရားရုံးမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၂၅ နဲ့ ရုံးထုတ်ခဲ့တာဖြစ်ပြီး ရုံးထုတ်စစ်ဆေးရာမှာ ဧရာဝတီတိုင်းက ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်တော့ မပါဝင်ခဲ့ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“သူတို့က ပုဒ်မတွေ အထုတ်ခံရပြီး ဖမ်းဆီးခံရမှာစိုးလို့ လာတိမ်းရှောင်နေတဲ့သူတွေပါ ဘာမှမဆိုင်ဘဲ အဖမ်းခံရတာ”လို့ လေးကေ့ကော် အတူနေထိုင်ရင်း လွတ်မြောက်ခဲ့သူတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေဟာ CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်းတွေ ပရဟိတသမားတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ကြပြီး မအူပင်မြို့က ၁၁ ဦး၊ ဟင်္သာတမြို့က ၃ ဦးနဲ့ ဖျာပုံမြို့က ၁ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်ပြီး လွှတ်တော်အမတ် ၂ ယောက် အပါအဝင် ၂၁ ယောက်ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်ကတည်းက လေးကေ့ကော်ဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီး သောင်းနဲ့ ချီတဲ့ ဒုက္ခသည်တွေ စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။