မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ရဲ့ ယာဥ်တန်း ရှော့ရိုက်မိုင်းနဲ့ တိုက်ခိုက်ခံရပြီးတော့ စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိသွားတယ်လို့ အထက်မင်းလှPDFတပ်ဖွဲ့ကနေ သိရပါတယ်။
ငဖဲမြို့နယ် ဂုတ်ကြီးရွာနဲ့ စက်စီရွာကြားမှာ မွန်းလွဲ ၂ နာရီကျော်လောက်က စစ်ကောင်စီကား ၃ စီးကို အထက်မင်းလှPDF က ရှော့ရိုက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ အထက်မင်းလှPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ရှော့ရိုက်မိုင်းက တစ်လုံးတည်း ခွဲလိုက်တာဗျ။ စစ်ကောင်စီကား ၃ စီးအနက် နောက်ဆုံးကားတစ်စီး မိုင်းထိပြီး စစ်သား ၃ ယောက်လောက်တော့ အပေါ်ကို မြောက်တက်သွားတယ်။ ဘယ်နှယောက် သေတယ်ဆိုတာကိုတော့ အတိအကျ အတည်မပြုနိုင်သေးဘူး။”
မင်းလှမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေအနေနဲ့ ပြည်သူလူထုကို ဖိနှိပ်ဒုက္ခပေးတာတွေ မပြုလုပ်ကြဖို့နဲ့ တကယ်လို့ ပြုလုပ်မယ်ဆိုရင် အဲဒီလူတွေရဲ့ အသက်ကို အာမမခံနိုင်ဘူးလို့ သတိပေးပြောပါတယ်။
“မင်းလှ PDF အနေနဲ့ အေးအေးဆေးဆေး လှုပ်ရှားနေတာဆိုတော့ အားလုံး အဆင်ပြေပါတယ်။ ပြည်သူလူထုရဲ့ လှူဒါန်းမှုတွေနဲ့ ရပ်တည်နေနိုင်တာ ဖြစ်တယ်။ မင်းလှမြို့နယ်က ပြည်သူတွေနဲ့ ရပ်နီးရပ်ဝေး နိုင်ငံခြားတွေက လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်တယ်” လို့ အထက်မင်းလှPDF ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
မင်းလှPDF တပ်ဖွဲ့အနေနဲ့ ဇန်နဝါရီ ၆ ရက်ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ကားကို ရှော့ရိုက်မိုင်းနဲ့ တိုက်ခိုက်ခဲ့လို့ ကားအရှေ့ပိုင်း ထိခိုက်ပျက်စီးသွားပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။