ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်မှာ ဇန်နဝါရီ ၉ ရက်နေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး ထက်မနည်းသေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ KPDF က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းတွေ၊ ဆက်သွယ်ရေးပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ မြေပြင်မှာ အထိအခိုက်တွေ များနေတာတွေကြောင့် ဝေဟင်ကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။
တိုက်ပွဲကြောင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ဘက်ကနေ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင် ခိုလှုံနေရတဲ့ ဒီးမော့ဆိုမြို့က ရပ်ကွက်တွေနဲ့ ကျေးရွာတွေအတွင်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၉ ရက်နေ့ညက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျပြီး နေအိမ်ထိမှန်ပျက်စီးသွားသူတဦးက "မနေ့ညက ကျမတို့ရပ်ကွက်ထဲကို စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်လို့ လူနေအိမ်တွေနဲ့ စပါးကျီတွေ ထိခိုက်ပျက်စီးကုန်တယ်။ လူတွေတော့ ထိခိုက်တာ မရှိဘူး။ လွိုင်ကော်က စစ်ဘေးရှောင်တွေ ကျမတို့ ဒီးမော့ဆိုဘက်ကို စစ်ဘေးတိမ်းရှောင်လာမှန်းသိလို့ စစ်တပ်က အကျင့်ယုတ်ပြီး ပစ်ခတ်တာ" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကယားပြည်နယ်အတွင်းက ပြည်သူလူထုနေအိမ် ရာနဲ့ချီ မီးရှို့ဖျက်ဆီးခဲ့ပြီး နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ် ရေးတပ် (PDF) တွေ ကြားတိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြည်သူသောင်းနဲ့ချီပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။