စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်က ကျေးရွာပေါင်းစုံပါဝင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်သပိတ်ကို လူအင်အားထောင်နဲ့ချီနဲ့ ဇန်နဝါရီလ ၉ ရက် ညက ပြုလုပ်ခဲ့ပါတယ်။
သပိတ်မှာ လူအင်အား ၂၀၀၀ ကျော်နဲ့ ပါဝင်ဆင်နွှဲခဲ့တာဖြစ်ပြီး မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီဝင် တဦးနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တစ်ဦးတို့ကလည်း ပြည်သူလူထုထံသို့ နိုင်ငံရေးတရားတွေ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လာရောက်ဟောပြောခဲ့ပါတယ်။
အရေးတော်ပုံ အောင်ခြင်း မအောင်ခြင်းဆိုတာက ပြည်သူလူထုအနေနဲ့ တော်လှန်ရေးမှာ ဘယ်လောက်ထိ ပူးပေါင်းပါဝင်နိုင်မှု ရှိမလဲဆိုတာအပေါ် မူတည်နေတာမို့ ဒီထက်ပိုပြီး ပူးပေါင်းပါဝင်ပေးကြဖို့၊ လက်နက်ကိုင် တော်လှန်ရေးကို လူထုလှုပ်ရှားမှုနဲ့ ပေါင်းစပ်နိုင်ဖို့ ကျေးလက်ဒေသတွေ သာမက မြို့ပြတွေပါ ထကြွသင့်ချိန် ရောက်ရင် တပြိုင်နက်တည်း ထကြွ သိမ်းပိုက်နိုင်ကြဖို့ အခုကတည်းက စိတ်ရော၊ လူပါ ပြင်ဆင်ထားကြဖို့ သပိတ်ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။
မုံရွာပင်မသပိတ်ကော်မတီဝင်တစ်ဦးက “ လမ်းပေါ်သပိတ်တိုက်ပွဲတွေ ကျနော်တို့အတွက် တကယ်ကိုအရေးပါပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း စပြီးတော်လှန်တဲ့အချိန်ကစပြီး လုထုဟာ လမ်းပေါ်ကိုထွက်ပြီး အာဏာရှင်ကိုအလိုမရှိကြောင်းပြသတယ်။ အဲ့လိုပြသမှုတွေကို ရရင်ရသလို နေရာတိုင်းမှာပြသဖို့လိုပါတယ်။ လမ်းပေါ်လူထုသပိတ်တိုက်ပွဲတွေကြောင့်ပဲ လက်ရှိတော်လှန်ရေးအရှိန်အဝါဟာ အားကောင်းနေတာပါ။ တော်လှန်ရေးရဲ့ တိုးတက်ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လမ်းပေါ်သပိတ်တွေကပဲ မွေးဖွားပေးခဲ့တယ်ဆိုတာကို ပြည်သူလူထုအနေနဲ့ ယုံကြည်ပေးရမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီသပိတ်ဟာ မြို့နယ်သပိတ်တွေကို စစ်ကောင်စီက အကြမ်းဖက်အင်အားသုံးဖြိုခွင်းပြီးနောက်ပိုင်း ပြန်လည်နိုးထလာတဲ့ အင်အားအကြီးမားဆုံးသပိတ်တစ်ခုလည်း ဖြစ်ပါတယ်။