မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ်ပိုင်း စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ထားတဲ့ အမျိုးသားတစ်ယောက်ရဲ့ အလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေကြိုမြို့နယ် ဇီးတောရွာနဲ့ ကံစွယ်ရွာကြားမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၅၅ နှစ်အရွယ် NLD ပါတီရဲ့ အမာခံ ဦးအောင်ကြင်ကို ဇီးတော အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်သားတွေ ပူးပေါင်းပြီး မီးရှို့သတ်ဖြတ်သွားတယ်လို့ ဇီးတောရွာသားတစ်ယောက်က ပြောပါတယ်။
“စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်သားတွေဟာ လွတ်လပ်ရေးနေ့ကတည်းက စစ်ရှောင်တဲတိုက်တွေကို ဝင်မွှေပြီးတော့ မီးရှို့သွားကြတာဗျ။ မီးရှို့ခံထားရတဲ့ ဦးအောင်ကြင်ရဲ့ အလောင်းကိုတော့ မနေ့က နေ့လယ် ၁ နာရီခွဲလောက်ကမှ ရှာတွေ့လို့ သင်္ဂြိုဟ်ခဲ့ကြတယ်။”
ဒါအပြင် ဇီးတောကျေးရွာက ဦးသောင်းထွန်းနဲ့ဒေါ်သန်းအေးတို့ လင်မယားနှစ်ယောက်လည်း ရွာမှာမနေရဲလို့ တောထဲမှာ တဲထိုးပြီးနေတာကို စစ်ကောင်စီတပ်သားတွေက စစ်ရှောင်တဲနဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။
မီးရှို့ခံရတာကြောင့် အိမ်ဆောက်ဖို့စုထားတဲ့ ပစ္စည်းတွေ၊ တံခါးကွင်း၊ အပ်ချုပ်စက်ခေါင်းနဲ့ အိမ်သုံးပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး အဲဒီနှစ်ယောက်ကိုလည်း ဒီကနေ့ထိ ဆက်သွယ် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဇီးတောကျေးရွာ စာသင်ကျောင်းမှာ နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် ရွာသားတချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။