ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ ဇန်နဝါရီ ၇ ရက် မနေ့မနက် အစောပိုင်းကစတင်ပြီး ဒီကနေ့အထိ ဒေသခံတော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေ တနေကုန် နီးပါးတိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး နှစ်ဖက်သေဆုံးဒဏ်ရာရသူတွေ ရှိနေပါတယ်။
အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦး သေဆုံးပြီး တော်လှန်ရေးအင်အားစုဘက်က ၁ ဦးကျဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တာရှိသလို အရပ်သားပြည်သူတွေလည်း အနည်းဆုံး ၁၀ ယောက် ကျော် ထိခိုက် ဒဏ်ရာရတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကနေ လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်ခဲ့တဲ့အပြင် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ထဲက အထပ်မြင့်အဆောက်အဦးပေါ်ကနေ စနိုက်ပါနဲ့ ပစ်ခတ်တာတွေကြောင့် မိုင်းလုံး၊ ရွာတန်းရှည်၊ ပန်ကန်း ရပ်ကွက်တွေမှာရှိတဲ့ အရပ်သားပြည်သူ ထိခိုက် ဒဏ်ရာရခဲ့တာပါ။
လက်ရှိ ရပ်ကွက်အတွင်းက တချို့လမ်းတွေပေါ်မှာ လိုက်မကောက်နိုင်သေးတဲ့ အလောင်းတွေရှိနေပြီး စစ်ကောင်စီဘက်က မည်းမည်းမြင်ရာ ပစ်ခတ်နေတဲ့အတွက် ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ရဲဘော်တွေ ပူးပေါင်းပြီးကယ်ထုတ်နေရတယ်လို့ အဆိုပါရပ်ကွက်တွေအတွင်းမှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် လွိုင်ကော်မြို့ပေါ်က ရပ်ကွက်တွေအတွင်းမှာ ပိတ်မိနေတဲ့ အရပ်သားပြည်သူထောင်နဲ့ချီရှိနေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိချိန်ထိ စစ်ရေးအခြေအနေတင်းမာနေပြီး တမြို့လုံးကို တိုက်ပွဲကူးစက်နိုင်တာကြောင့် လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူတွေအနေနဲ့ စစ်မြေပြင် အနီးကနေ တိမ်းရှောင်ဖို့ KNDF က ထုတ်ပြန်ထားပါတယ်။
လွိုင်ကော်မြို့နဲ့ ရှားတောမြို့နယ်ကို စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေနဲ့ရော ရဟတ်ယာဉ်တွေပါ အသုံးပြုပြီး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီဘက်က မိုင်းလုံးဘက်မှာ မနိုင်တော့တဲ့အတွက် တိုက်လေယာဉ် ၂ စီးနဲ့ မြို့ထဲဘက်တွေကော မိုင်းလုံးဘက်တွေကိုပါ အကုန်လုံးကိုဗုံးကြဲချနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မြေပြင်မှာလည်း သေနတ်ဖောက်သံတွေ ဆက်တိုက်ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်မှာ ဇန်နဝါရီ ၆ ရက်က စတင်ကာ တိုက်ပွဲပြင်းထန်ပြန်ဖြစ်နေတာတာဖြစ်ပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။