မွန်ပြည်နယ်၊ ရေးမြိုနယ်၊ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဓမ္မဘာလဖလံကျေးရွာအနီးအနားမှာ ဇန်နဝါရီ ၈ ရက် ဒီနေ့မနက်က စစ်ကောင်စီတပ်တွေ ဝင်ရောက် စစ်ရေးစတင်လှုပ်ရှားခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။
ဒေသခံ ခြံသမားတယောက်က “ရာဘာခြံလမ်းတွေမှာ စစ်ကောင်စီတပ်သားတွေ ဖြတ်သန်း လှုပ်ရှားသွားလာနေတဲ့အခါ ဒီနယ်မြေက မွန်ပြည်သစ်ပါတီလှုပ်ရှားနယ်မြေလည်း ဖြစ်တယ်။ ပြီးတော့ ကေအန်ယူ ဘက်ကလည်း ဒီနယ်မြေဘက်ကို လှုပ်ရှားသွားလာနေတဲ့ နယ်မြေဖြစ်တော့ လက်နက်ကိုင်ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်ရသလို ခြံလုပ်ငန်းလည်း မလုပ်ရဲဘူး”လို့ ပြောပါတယ်။
အခုလို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဘက်ကို စစ်ကောင်စီတပ်က ဝင်ရောက်လာတာဟာ ရေး PDF တွေရှိနိုင်မယ့်နေရာကို ရှာဖွေတာဖြစ်နိုင်တယ်လို့ ဒေသခံတချို့က သုံးသပ်ပြောပါတယ်။
လက်ရှိအခြေအနေအထိတော့ စစ်ကောင်စီတပ်နဲ့ ရေး PDF လက်နက်ကိုင်တွေအပါဝင် မွန် ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေ ဒီနယ်မြေထဲမှာ ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်တာ မရှိသေးပါဘူး။