ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့မှာ ဇန်နဝါရီ ၇ ရက် ညပိုင်းက မြို့မရဲစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဆိုင်ကယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဝါးခယ်မမြို့မရဲစခန်းမှာ မနေ့ည ၇ နာရီ ၄၅ လောက်တန်းစီနေချိန်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က ဆိုင်ကယ်တွေနဲ့ သေနတ်တွေနဲ့ လာရောက်ပစ်ခတ်သွားတာဖြစ်ပါတယ်။
ဝါးခယ်မမြို့ခံ တယောက်က "စကြားတာက စခန်းဘက်ကကြားတာ သေနတ်သံ ၃ ချက် ဆက်တိုက်ပစ်သလိုမျိုးကြားတာ လမ်းဘေးဆိုင်တွေသိမ်းနေချိန်မှာ ဝရုန်းသုန်းကားနဲ့ စခန်းထဲက လိုက်တာ။ စာရေးကုန်းဘက်ရောက်တော့ ရမ်းပစ်သလိုမျိုး အသံတွေကြားလိုက်တယ်''လို့ ပြောပါတယ်။
ရဲစခန်းလာရောက်ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး စာရေးကုန်းရပ်ကွက်နေ ဒေသခံပြည်သူ ၅ ယောက်ထက်မနည်းကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ရဲစခန်းပစ်ခတ်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ပြောဆိုနေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။