ABSDF ကျောင်းသားရဲဘော်ဟောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုညီညီကျော် ကို မန္တလေး အိုးဘိုအကျဉ်းထောင်တွင်း တရားရုံးမှာ ဇန်နဝါရီ ၇ ရက်က ထောင်ဒဏ် ၃ နှစ် အမိန့်ချခံခဲ့ရပါတယ်။
ကိုညီညီကျော်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်ရာမှာ ပါဝင်ဦးဆောင်ခဲ့တာကြောင့် ဆူပူအောင် လုပ်တယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် ဖမ်းဆီးထောင်ချခံခဲ့ရတာပါ။
“သူကို မနေ့က ထောင်ထဲက တရားရုံးမှာပဲ အမိန့်ချလိုက်တယ်။ သုံးနှစ်ချတာ။ သူက အစောပိုင်း ကတည်းက ဖမ်းဆီးခံလိုက်ရတာ။ ဆယ်လလောက်ကြာမှ အမိန့်ချတာ” လို့ ကိုညီညီကျော်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ကိုညီညီကျော်ဟာ မတ်လ ပထမပတ်ထဲက မန္တလေးမြို့ မြို့သစ်ဘက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဖြိုခွင်းခံရစဉ် ဖမ်းဆီးခံရတာဖြစ်ပြီး နန်းတွင်း စစ်ကြောရေးမှာလည်း စစ်ဆေးခံခဲ့ရတယ်လို့ သိရပါတယ်။