မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စက်သုံးဆီစျေးတွေ မြင့်တက်လာတာနဲ့အမျှ ဆိုင်ကယ် ကယ်ရီဆွဲသမားတွေမှာ အလုပ်မဖြစ်တာကြောင့် စားဝတ်နေရေးပိုပြီး ခက်ခဲလာနေတယ်လို့ ဆိုင်ကယ်ကယ်ရီလုပ်သားတွေက ပြောပါတယ်။
ဆိုင်ကယ် သမားတဦးက “နိုင်ငံရေးအခြေအနေ မတည်မငြိမ်ဖြစ်ပြီးကတည်းက ခရီးသွားတွေလည်းမရှိ ခရီးသည် ရပြန်တော့လည်း ဈေးက သိပ်ပြီး မရ၊ ဆိုင်ကယ်သမားတွေကလည်း များတယ်လေ။ အပြိုင်အဆိုင် ဆွဲရတော့ ရတဲ့ဈေးနဲ့ပဲ သွားရတော့ ငွေက သိပ်ပြီး မကျန်ဘူး။ တခါတလေ လူမရတဲ့ နေ့တွေလည်းရှိတယ်”လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဆီစျေးတွေက အတက်ဘက်ကနေ ပြန်ပြီးမကျတော့လို့ ပွင့်လင်းရာသီဆိုပေမဲ့အရင်က ခရီးသွားများတဲ့ ကာလနဲ့ဆိုရင် ဘယ်လိုမှ နှုင်းယှဉ်မရကြောင်းနဲ့ ဒီအတိုင်းဆို ရှေ့ဆက်ပြီးမိသားစုစားဝတ်နေရေး ဘယ်လိုမှ ရပ်တည်လို့ မရဘူးလို့ တခြား ကယ်ရီသမားတဦးကလည်း ပြောပါတယ်။
ဆိုင်ကယ်ကယ်ရီသမားတွေေဟာ လူစည်ကားရာအချက်အချာကျတဲ့ ဘုရား၊ ဈေး၊ ကားဂိတ်၊ ဆေးရုံ၊ ဌာနဆိုင်ရာရုံးတွေနဲ့ ဘူတာရုံနေရာတွေမှာ ဂိတ်တွေထားရှိပြီး ဆိုင်ကယ်ပြေး ဆွဲနေကြပါတယ်။
ကယ်ရီသမားတွေမှာ ကယ်ရီဆွဲ အလုပ်တွေ အဆင်မပြေလာတဲ့အခါ တချို့က အလုပ်ပါ ရပ်နားထားရတယ်လို့ ဆိုပါတယ်။
ရေးမြို့နယ်တွင် စက်သုံးဆီဈေးတွေ မြင့်တက်လာပြီးတဲ့နောက် သယ်ယူစရိတ်တွေကပါ ထပ်မံ မြင့်တက်လာသလို အငှားယာဉ်တွေပါ ခရီးသွားတွေ မရှိလာတဲ့အခါ အလုပ်တွေ ရပ်ဆိုင်းထား ရပါတယ်။