ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ အဝေးပြေးကားကွင်းအနီးက မြန်မာဘီယာရုံးဘေးမှာ ဇန်နဝါရီ ၇ ရက် မနက် ၁၁ နာရီ ခွဲလောက်က မြန်မာဘီယာတင်ကား ၁ စီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ရာအနီးနေထိုင်သူတစ်ဦးက “ဗုံးပေါက်တာ မီးပါတောက်တယ်။ အသံကလည်း အနားမှာနေတော့ နားပါအူထွက်သွားတယ်။ ဗုံးပေါက်ကွဲချိန် ဘယ်သူမှ ဖြတ်သွားဖြတ်လာမရှိလို့ ထိခိုက်တဲ့သူတော့မရှိဘူး၊ ဘားအံမှာ နေ့စဉ်လိုလို ဗုံးကွဲနေတာ အထူးအဆန်းမဟုတ်တော့ဘူး”လို့ ဆိုပါတယ်။
ရပ်နားထားတဲ့ မြန်မာဘီယာတင်ကားအတွင်းကို အမည်မသိ မော်တော်ယာဉ်တစ်စီးပေါ်ကနေ ဗုံးပစ်ချခဲ့တဲ့အတွက် ဗုံးပေါက်ကွဲတာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ကားနဲ့ ရုံးအုတ်တံတိုင်းပျက်စီးခဲ့တယ်လို့ မြန်မာဘီယာရုံးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့တပ်နဲ့ရဲတွေက ဘားအံမြို့အနှံ စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်ခဲ့ရာ အပြစ်မဲ့ပြည်သူတချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လုံခြုံရေးအကြောင်းပြပြီး သွားလာနေတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေကို သိမ်းဆည်းခဲ့တဲ့အပြင် ဆိုင်ကယ်ဦးထုပ်မဆောင်းသူတွေကိုပါ ဒဏ်ရိုက်အရေးယူခဲ့ပါတယ်။
ဇန်နဝါရီ ၂ ရက် ညနေကလည်း ဘားအံမြို့ အမှတ် ၉ ရပ်ကွက်၊ စစ်တပ်ပိုင် Mytel ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သလို ဇန်နဝါရီ ၃ ရက် ည ၇ နာရီလောက်က တောင်ကလေးနှစ်သစ်ကူးကွင်းမှာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ပျော်ပွဲရွှင်ပွဲကျင်းပနေချိန် ကားရပ်နားကွင်းမှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ကား ၃ စီးထိခိုက်ပျက်စီးခဲ့ပါတယ်။